(005MK)
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ ဇူလိုင်လ ၂ ရက် မနက်ပိုင်း ၅ နာရီ ခွဲခန့်မှာ မြေပြိုမှုဖြစ်ပွားခဲ့ပြီး မိသားစုဝင် ၃ ဦး သေဆုံးသွားသည်။
ပြည်နယ်၏ မြို့တော် အိုင်ဇောလ်မြို့ Zemabawk အထက်တန်းကျောင်းရပ်ကွက်တွင် ယနေ့ မနက်ပိုင်း ၅ နာရီဝန်းကျင်ခန့်မှာ မိသားစုဝင် ၅ ဦးနေထိုင်သော နေအိမ်တစ်လုံး မြေပြိုမှုထဲပါသွားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ မြေပြိုကျမှုတွင် အိမ်ထောင်ဦးစီးဖြစ်သူ Pu Marova နှင့် ဇနီးတို့မှာ အသက်ဘေးမှ လွတ်မြောက်နိုင်ခဲ့သော်လည်း သားဖြစ်သူ အသက် ၃၂ နှစ်အရွယ် Pu Isaac Lalvenhima Chhangte ၊ အသက် ၂၆ နှစ်အရွယ် ချွေးမ Pi Lalrinchani နှင့် အသက် ၄ နှစ်အရွယ် သမီးလေး Abigail Lalchanhimi တို့ သေဆုံးခဲ့ရသည်ဟု သိရသည်။
မြေပြိုမှုကြောင့် သေဆုံးသွားသူများ၏ ရုပ်အလောင်းများကို သက်ဆိုင်ရာ ကယ်ဆယ်ရေးတာဝန်ရှိသူများက ရှာဖွေတွေ့ရှိထားကြပြီဖြစ်သည်။
မီဇိုရမ်ပြည်နယ်တွင် ဆိုင်ကလုန်းမုန်တိုင်း Remal ကြောင့် ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့ကလည်း အိုင်ဇောလ်မြို့အနီး Melthum နှင့် Hlimen ကျေးရွာအပါအဝင် နေရာအတော်များများတွင် မြေပြိုမှုအကြီးအကျယ် ဖြစ်ပွားခဲ့ပြီး ၃၄ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။