ဗိုလ်ကြီးတိုက်ချွန်း၏ သားဖြစ်သူ နေအိမ်နှင့်ပိုင်ဆိုင်မှုတချို့ ပျက်စီး
(006SV)
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းရှိ အောင်ဆန်းသူရိယနှင့် သူရဘွဲ့များ ရရှိခဲ့သော ဗိုလ်တိုက်ချွန်း နေထိုင်ခဲ့သော ဘွေလီကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၁၂ ရက် ညနေ ၄ နာရီခွဲခန့်က ပလက်ဝမြို့နယ်၊ ဆမီးမြို့နှင့် မတူပီမြို့နယ်အကြားရှိ ဘွေလီကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာ တစ်စီးဖြင့် ပေါင် ၃၀၀ ဗုံးများ အသုံးပြု၍ လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတချို့ထံမှ သိရသည်။
“ဘွေလီရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ပျက်စီးသွားတဲ့ နေအိမ်က ဗိုလ်တိုက်ချွန်းရဲ့ သားဖြစ်တဲ့ ကျောင်းဆရာ ဦးလျန်ထန်ရဲ့ နေအိမ်ဖြစ်ပါတယ်။ သူ့သားက အဲဒီရွာလမ်းပေါ်မှာ ဆိုင်ဖွင့်ပြီး နေထိုင်တာပါ။ သူ့သားဆိုင်နားကို ဗုံးကြဲတာပါ။ ဆိုင်ခန်းက အတော်ပျက်စီးသွားတယ်။ လူက ထိခိုက်မှု မရှိဘူး” ဟု မတူပီဒေသခံတစ်ဦးက ပြောသည်။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဘွေလီကျေးရွာရှိ ဗိုလ်တိုက်ချွန်၏ သားဖြစ်သူ ဦးလျန်ထန်နှင့် ဒေါ်စိန်နု၏ ကုန်စုံဆိုင်အနီးမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ကုန်စုံဆိုင်၊ ကားတစ်စီးနှင့် Starlink ဂြိုလ်တုအင်တာနက်တို့ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အိမ်မွေတိရစ္ဆာန် တချို့လည်း ထိခိုက်သေဆုံးမှု ရှိခဲ့ပြီး အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်၊ မတူပီမြို့နယ် လွီဗန်းရွာတွင် မေးဖွားခဲ့သော အောင်ဆန်းသူရိယ ဗိုလ်ကြီးတိုက်ချွန်းသည် တပ်မှ အငြိမ်းစား ယူပြီးနောက် ဘွေလီရွာတွင် အခြေချ နေထိုင်ခဲ့ကြောင်း သိရသည်။
ဘွေလီရွာတွင် ဗိုလ်တိုက်ချွန်း မကွယ်လွန်မီက နေထိုင်ခဲ့သော နေအိမ် ရှိပြီး ဗိုလ်တိုက်ချွန်း အမှတ်တရ ကျောက်တိုက်လည်း ရှိကြောင်း၊ စက်တင်ဘာလ ၁၂ ရက် စစ်တပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများသည် ဗိုလ်တိုက်ချွန်းအမှတ်တရ ကျောက်တိုက် အနီးတွင်လည်း ကျရောက်မှု ရှိခဲ့သည်ဟု သိရသည်။
ဩဂုတ်လ ၂၄ ရက်က ပလက်ဝမြို့နယ်၊ စိမ်းညှင်းဝရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကလေးငယ် ၂ ဦးအပါအဝင် ၅ ဦး သေဆုံးပြီး ကလေးငယ် ၅ ဦးအပါအဝင် ၁၇ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဩဂုတ်လ ၂၆ ရက်က မီးဇာကျေးရွာ ဝန်းကျင်ကို ဂျက်ဖိုက်တာ ၅ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု အများအပြား ပြုလုပ်ခဲ့ရာ သားအမိ ၂ ဦး သေဆုံးပြီး ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ပလက်ဝမြို့နယ်၊ ရွှေလက်ဝကျေးရွာအနီးရှိ MDF စစ်သင်တန်းကျောင်းကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဩဂုတ်လ ၂၅ ရက်မှာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ CDF ရဲဘော် ၅ ဦး ကျဆုံးပြီး ၇ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။
ယခုလပိုင်များတွင် ချင်းတောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်းကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာများဖြင့် မကြာခဏ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသောကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှု များပြားနေပြီး လေကြောင်းအန္တရာယ်ကို သတိပြုနေထိုင်ကြရန် တော်လှန်ရေးအင်အားစုများက သတိပေး ထုတ်ပြန်နေသည်။

