Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»ဧဝံဂေလိဆရာမှ လက်နက်ကိုင်တော်လှန်သူ (သို့မဟုတ်) CNDF ဒုတိယစစ်ဦးစီးချုပ်

ဧဝံဂေလိဆရာမှ လက်နက်ကိုင်တော်လှန်သူ (သို့မဟုတ်) CNDF ဒုတိယစစ်ဦးစီးချုပ်

0
By Editor on February 29, 2024 Featured

ရေး -Salai Vakok

လူတစ်ဦး ဖျားနာနေချိန်တွင် ကျန်းမာလာဖို့ ဆုတောင်းပေးခဲ့သော သူ၏ နှုတ်ဖျား၊ ခေါင်းပေါ်တင်ခဲ့သော သူ၏ လက်သည် မတရားမှုကို ဖီဆန်တွန်းလှန်ဖို့ အမိန့်ပေးသော နှုတ်ဖျားနှင့် သွေးစွန်းသော လက်အဖြစ် ပြောင်းလဲသွားသည်။

နွေဦးတော်လှန်ရေးသည် တောင်ပေါ်၊ မြေပြန့်အညာတကြော အားလုံးပါဝင်သော၊ လူမျိုး ဘာသာပေါင်းစုံပါဝင်သော စစ်အာဏာရှင် တော်လှန်းရေးဖြစ်သည်။ ဒေသခံကာကွယ်ရေး တပ်ဖွဲ့များအပါအဝင် များစွာသော လက်နက်ကိုင်တပ်ဖွဲ့များတွင် ဦးပဥ္ဇင်းအဖြစ်မှထွက်၍ လက်နက်ကိုင်သူများရှိသကဲ့သို့ တခြားဘာသာများမှ ဘုန်းတော်ကြီးများလည်း စစ်အာဏာရှင်ကိုတော်လှန်ဖို့ လက်နက်ကိုင် တိုက်ပွဲဝင်နေကြသည်။

ချင်းတောင်တန်းဒေသ၏ CDF အဖွဲ့များတွင် ရဲဘော်အဆင့်၊ တပ်သားအဆင့်မှ ထိပ်ပိုင်းရာထူးအထိ ခရစ်ယာန်အမှု တော်ဆောင်အဖြစ်မှ လက်နက်ကိုင်တိုက်ပွဲဝင်လာသူများရှိသည်။ ယင်းတို့အထဲတွင် Salai David New ခေါ် ဗိုလ် Joshua လည်း ပါဝင်ပါသည်။

ချင်းပြည်နယ် မြောက်ပိုင်း ဖလမ်းမြို့က နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းတစ်ခုတွင် ၀တ်ပြုကိုးကွယ်ချီးမွှမ်းခြင်း Praise and Worship ဦးဆောင်သူတစ်ဦးဖြစ်သကဲ့သို့ ဧဝံဂေလိဆရာတစ်ဦးလည်း ဖြစ်သည်။ ၂၀၂၁ ခုနှစ် အာဏာမသိမ်းခင်အထိ အချိန်ပြည့် အမှုတော်ဆောင်တစ်ဦးဖြစ်ပြီး လက်ရှိတွင် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) ၏ ဒုတိယစစ်ဦးစီချုပ်အဖြစ် တာဝန်ယူလျက်ရှိသည်။

“ကျနော် လုပ်နေတာက အမှန်တရားဖြစ်တဲ့အတွက်ကြောင့် အမှန်တရားဘက်မှာ ရပ်တည်တဲ့ ဘုရားကလည်း ကျနော်တို့နဲ့ အတူရှိမယ်ဆိုတဲ့ ယုံကြည်ချက်တစ်ခုနဲ့ပဲ နေတိုင်း လျှောက်လှမ်းဖြစ်ပါတယ်” ဟု သူက ပြောသည်။

၂၀၁၂ က မလေးရှားနိုင်ငံတွင် ကယ်တင်ခြင်း စိတ်ချမှု ရရှိခဲ့ပြီးနောက် အမှုတော်ဆောင်ဖို့ ဆလိုင်းဒေဗစ် ဆုံးဖြတ်ခဲ့သည်။ သူနေထိုင်သောဒေသရှိ အသင်းတော်များတွင် Sunday school အပါအဝင် လူငယ်ပိုင်းနှင့် လိုအပ်သောနေရာများ စတင်ထမ်းဆောင်ခဲ့သည်။

နှစ်နှစ်ကြာပြီးနောက် နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းတွင် အချိန်ပိုင်းအဖြစ် အမှုတော်ဆောင် စတင်လုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှ စတင်၍ စစ်တပ်က အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ်အထိ အချိန်ပြည့်အမှုတော်ဆောင်ခဲ့သည်။

အမှုတော်ဆောင်အဖြစ် ဆောင်ရွက်နေရင်း တချို့မြို့နယ်များ၏ လူငယ်အဖွဲ့အစည်းများတွင် ဦးဆောင်ဦးရွက်လုပ်ခဲ့သည်။ ဓမ္မအယ်ဘမ် (၂) ခွေလည်း ထွက်ရှိခဲ့သည်။ အယ်ဘမ်က ရရှိခဲ့သော ငွေအားလုံးကို ဆင်းရဲသား မိဘမဲ့ကျောင်းနှင့် လမ်းဘေးအလုပ်သမားများကို လှူဒါန်းခဲ့သည်။

လူငယ်အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး အခက်အခဲဖြစ်နေသော ဒေသများကို ပရဟိတပြုလုပ်ရခြင်းများကလည်း သူ့ဘဝ၏ အမှတ်ရစရာတွေပါ။

အာဏာသိမ်းစစ်တပ်၏ မတရားမှုကို ဆန့်ကျင်တိုက်ခိုက်ဖို့ အမှုတော်ဆောင်မှ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့မှုသည် မိသားစုအတွက် ကြီးမားသော စိန်ခေါ်မှုဖြစ်၏။

မိသားစု အားလုံးနီးပါးက အစိုးရဝန်ထမ်းများ ဖြစ်ပြီး ၎င်းတို့မှာCDM လုပ်သောကြောင့် မိသားစု၏ စားဝတ်နေရေးကို ကြိုးစားရသည်။ လက်ရှိမှာ မိသားစုက တောထဲ၊ တောင်ထဲက တစ်နေရာတွင် နေထိုင်သည်ဟူသော သတင်းကိုတော့ သူ ကြားမိသည်။

လက်နက်ကိုင်လမ်းစဉ် ရွေးချယ်မှုကို အစပိုင်းတွင် မိခင်က အားမပေးပါ။ သို့သော် မတရားမှုကို မျက်ဝါးထင်ထင်မြင် လာရချိန်၊ ပြည်သူ့အသက်တွေ အချည်းအနှီး မတရားအသတ်ခံရချိန်တွင် အမေက ဆုတောင်းခြင်းနှင့် ပါဝင်ပေးသည်၊ ခွန်အားပေးသည်။

ချင်းအမျိုးသားကာကွယ်ရေးတပ်၏ ဒုတိယစစ်ဦးစီချုပ်ဖြစ်သောကြောင့် ဆလိုင်းဒေဗစ်နယူးသည် စစ်မြေပြင်နှင့် တပ်ရင်းပေါင်းအားလုံးကို ကိုင်တွယ်ရ၍ ပထမတစ်နှစ်တွင် သင်ယူရ၊ လေ့လာရသည်။ မဟာမိတ်အဖွဲ့အစည်း အားလုံးနှင့်လည်း ညှိညှိနှိုင်းနှိုင်းဖြင့် ညီအစ်ကိုကဲ့သို့ အဆင်ပြေမည့် လမ်းကြောင်းတစ်ခုကို သွားနိုင်ဖို့ ကြိးစားရသည်။

တစ်ဖက်က စစ်မြေပြင်တွင် စစ်တိုက်ရပြီး တခြားတစ်ဖက်တွင် စရိုက်မတူ၊ ဘာသာမတူသော ရဲဘော်များ၊ ပညာတတ် ရဲဘော်များရှိသကဲ့သို့ ကျောင်းမတက်ဖူးသော ရဲဘော်များ စသဖြင့် ဒေသစုံ၊ နယ်ပယ်စုံက ရဲဘော်များ၏ ပြသနာများကို ကိုင်တွယ်ရချိန်များတွင်လည်း စိန်ခေါ်မှုများစွာရှိသည်။

အသက်နှင့် ဘဝတွေ ရင်းထားရသော တော်လှန်းရေးတွင် မိမိရဲဘော်များ၏ အသက်တွေ ပေးဆပ်သွားရချိန်တွင် စိတ်ဓါတ်ကျမိသော အချိန်များလည်း သူ့မှာ ရှိပါသည်။ သည်လမ်းကြောင်းကို ရွေးခြင်းက မှန်‌ရော၊ မှန်လားဟူ၍ မိမိကိုယ်ကို မေးခွန်းပြန်ထုတ်မိသော အချိန်လည်း မြောက်များစွာရှိပါသည်။

အစစအရာရာ မပြည်စုံသေးသော တစ်နှစ်သား တော်လှန်ရေးကာလဖြစ်၍ လက်နက်အင်အား၊ ကျည်အင်အား၊ လူအင်အား မမျှတချိန်၊ တိုက်ပွဲတွေ တိုက်ရသော အချိန်တွင် စိတ်ဓါတ်ကျမိသည့်အချိန်များလည်း ရှိပါသည်။ ယခုလို အခြေအနေတွင် စစ်အာဏာရှင်စနစ်အောက်က လွတ်မြောက်ဖို့ ခွန်အားယူလေ့ရှိသော စိတ်တစ်ခုဖြင့် ခရီးဆက်ရသည်။

“ငါ ဒီတစ်ခါ နောက်ပြန်လှည့်လိုက်လို့ ရှိရင် ပေးဆပ်သွားလို့၊ သူတို့ သားတွေ သေသွားလို့ ငိုနေတဲ့ အမေတွေရဲ့ မျက်ရည်တွေက ငါတို့ အတွက် ကျိန်စာဖြစ်လာလိမ့်မယ်။ ပေးဆပ်သွားတဲ့ ငါတို့ ညီအစ်ကိုတွေရဲ့ ခြေလက်တွေ၊ အသက်တွေ၊ မျက်လုံးတွေ၊ ဒုက္ခိတဖြစ်သွားတဲ့ တော်လှန်ရေးသမားတွေရဲ့ သူတို့ရဲ့ အခြေအနေတွေကို ကျနော် မြင်ယောင်လိုက်တိုင်း၊ ပြန်မြင်ယောင်လိုက်တိုင်းမှာ ကျနော် အမြဲတမ်း ငါတို့ ဒီပွဲကို နိုင်ကို နိုင်မှ ရမယ်။ ငါတို့ ပေးဆပ်ထားတာ၊ ရင်းထားတာတွေက အရမ်းများတယ်ဆိုပြီးတော့……..”

အရင်က ဓမ္မဆရာတစ်ဦးအနေဖြင့် လူတစ်ယောက် ဖျားနာနေသော အချိန်တွင် ကျန်းမာဖို့ ဆုတောင်းပေးခဲ့သော ပါးစပ်၊ ခေါင်းပေါ်တင်ခဲ့သော လက်တစ်စုံက မတရားမှုကို ဖီဆန်တိုက်ဖျက်ဖို့ သွေးစွန်းသော လက်အဖြစ် ပြောင်းလဲသွားချိန်တွင် ကျူးဘာတော်လှန်ရေး ခေါင်းဆောင် ချေဂွေဗားရာဖြင့် ဖြေသိမ့်ရသည်။

ချေ ဟူ၍ လူသိများသော ကျူးဘာတော်လှန်ရေးခေါင်းဆောင်သည် ဆရာဝန်တစ်ဦးဖြစ်ပြီး ရန်သူ၊ မိတ်ဆွေ၊ လူမျိုးမရွေး ၎င်းတို့၏ အသက်ကို ကယ်ဖို့ ကျမ်းကျိန်ထားသည်။ သို့သော် ဆေးထိုးအပ်ကို ဘေးချ၍ လက်နက် ကိုင်ခဲ့ပြီး တော်လှန်ရေးကို အောင်မြင်အောင်တိုက်ခဲ့သည်။

“ကျနော် ဓမ္မဆရာတစ်ယောက်အနေနဲ့ လက်နက်ကိုင်တဲ့အချိန်မှာ ဓမ္မဟောင်းပဲ ဖြစ်ဖြစ်၊ ကျမ်းစာတွေ ပြန်ဖတ်လေ့ လာတဲ့အခါမှာ ဘုရားရွေးကောက်ခဲ့တဲ့ ခေါင်းဆောင်တွေက သူတို့ လူမျိုးတွေ လွတ်မြောက်ဖို့၊ ကျွန်ဘဝကနေ လွတ်မြောက်ဖို့ တိုက်ပွဲဝင်ခဲ့တဲ့ ခေါင်းဆောင်ပေါင်းမြောက်များစွာကို မြင်ရတဲ့အခါမှာ သူတို့အားဖြင့်လည်း ခွန်အားမြောက်မြားစွာယူတယ်”

အမှုတော်ဆောင်ဘဝမှ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်၊ လျှောက်လှမ်းသောကြောင့် အမှုတော်ဆောင်အများစု၏ ဝေဖန်မှုကိုလည်း ဗိုလ် Joshua ခံရသည်။ အမှုတော်ဆောင်တစ်ဦးက လက်နက်ကိုင်မှုနှင့် မသင့်လျော်ဟူ၍ ရှိကောင်းရှိနိုင်သော်လည်း ကျမ်းစာထဲတွင် ဘုရားဘိတ်သိပ့်ထားသော၊ ရွေးကောက်ထားသော တော်တော်များများက တော်လှန်ခဲ့သူတွေက အများဆုံးဟု ၎င်းက ဆိုသည်။

“အမှုတော်ဆောင်အားလုံးလည်း ကျနော်တို့ကို ငွေအင်အား၊ အစားအသောက်ပိုင်းကနေ မကူညီနိုင်ရင်တောင်မှ ကျနော်တို့ ယုံကြည်တဲ့ ဘုရားဆီမှာ အမြဲတမ်းဆုတောင်ခြင်းလေးနဲ့တော့ သတိရပေးကြပါ”

စစ်တပ်သည် ချင်းအပါအဝင် တခြားသော တောင်တန်းမြေပြန့်ဒေသတို့တွင် ခရစ်ယာန်ဘုရားကျောင်းများကို မီးရှို့ဖျက်စီးလေ့ရှိသည်။ ယင်းကို ဗျူဟာတစ်ခုကဲ့သို့ သုံးနေခြင်းဟု သူက မြင်သည်။ စစ်တပ်သည် တိုင်းရင်းသားများ သွေးကွဲနေခြင်းကို လိုချင်သော အဖွဲ့ဖြစ်၍ အဖွဲ့အစည်းတိုင်း၊ ဘာသာတိုင်း ကွဲသွားရင် အချင်းချင်း ပြန်တိုက်လိမ့်မည်ဟူသော အမြင်ဖြင့် လုပ်နေကြခြင်းဖြစ်သည်ဟု ဆိုသည်။

နိုင်ငံတနံတလျားက တော်လှန်ရေးသည် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံဖြင့် ညီညီညွတ်ညွတ် လျှောက်လှမ်းနေချိန်တွင် ဘုရားကျောင်းများကို မီးရှို့ခြင်းသည် ဘာသာရေးမှိုင်း တစ်ခုအနေဖြင့် လုပ်နေခြင်းဖြစ်၏။

“စစ်ကောင်စီထဲမှာလည်း မြောက်များစွာသော ခရစ်ယာန်တွေ ရှိမယ်။ ဗုဒ္ဓတွေရှိမယ်။ ဟိန္ဒူတွေရှိမယ်။ မူဆလင်တွေရှိမယ်။ လူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ သူတို့ စစ်တပ်ဖြစ်ခဲ့တဲ့အတွက် သူတို့အထဲမှာလည်း မြောက်များစွာ ဒီဟာကို မလိုချင်တဲ့သူတွေလည်း ရှိမှာပဲ ဒီဘုရားကျောင်းတွေ မီးရှို့တဲ့ ကိစ္စမှာတော့ ဘာသာရေးမှိုင်းတိုက်ဖို့ သက်သက်နဲ့ နာကျည်းဖို့ သက်သက်၊ ဒီဝါဒ ရိုက်သွင်းတယ်လို့ပဲမြင်ပါတယ်”

ချင်းလဲန်းဒေသ၏ ၉၀ ရာခိုင်နှုန်းကျော်သော လူထုသည် ခရစ်ယာန်ဘာသာကို အများဆုံးကိုးကွယ်သော ပြည်ဖြစ်သည်။ ဗိုလ် Joshua က ငယ်စဉ်ကပင် ဇာတိအိမ်ရှေ့ ဆွမ်းခံကြွလာသော သီလရှင်ကလေးများကို ဆွမ်းဆန်စိမ်း လောင်းလှူသော အလေ့အထရှိပြီး လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်ကို မြတ်နိုးသူ ဖြစ်သည်။

အမှုတော်ဆောင်အဖြစ် ၁၀ နှစ်နီးပါး ထမ်းဆောင်ခဲ့သူ ဧဝံဂေလိဆရာ၏ လက်နက်ကိုင်ဖို့ ရွေးချယ်ခဲ့သော လမ်…..။ မတရားမှုကို ခုခံတော်လှန်ပစ်ဖို့ လျှောက်လှမ်းနေဆဲ လမ်း…..။

“ဒီတော်လှန်ရေးကြီး ပြီးသွားလို့ ရှိရင် ကျနော်တို့အားလုံး ကျနော်တို့မြေမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကျနော်တို့ ဘိုးဘွားတွေ ပေးခဲ့တဲ့၊ ဘုရားဖန်ဆင်ပေးခဲ့တဲ့ ဒီမြေမှာ ကျနော်တို့အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်ဆုံတွေ့ချင်ပါသေးတယ်”

ဗိုလ် Joshua သည် သူချစ်ခင်သော အမိမြေ၊ တော်လှန်ရေးရဲဘော် ညီအစ်တွေနှင့် ပြန်မဆုံနိုင်တော့ပါ။ စစ်အာဏာရှင်တော်လှန်ရေး လမ်းခုလတ်တွင် နှုတ်မဆက်ပဲ စစ်ကောင်စီနှင့် ပျူးတွေ၏ လက်ချက်ဖြင့် အစောတလျင် ကြွေလွင့်သွားခဲ့သည်။

ဖေဖော်ဝါရီလ ၂၃ ရက် စစ်ကိုင်းတိုင်း၊ ကလေးခရိုင်ထဲက စစ်ကောင်စီအခြေစိုက်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF တို့ ပူးပေါင်းစစ်ဆင်ရေးများတွင် CNDF တပ်ဖွဲ့များကို စီမံအုပ်ချုပ်ပြီး အပြန်တွင် ကံကြမ္မာငင်ခဲ့သည်။

ကြိုတင်သတင်းရထားသော စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူးများသည် ဆိုင်ကယ်တစ်စီးတွင် ဗိုလ် Joshua နှင့် ရဲဘော် (၂) ဦးတို့ စီးနင်းပြန်အလာတွင် အောင်သာယာကျေးရွာအနီးမှာ အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့သည်၊ ၎င်းတို့၏ ရုပ်အလောင်းများကို မီးရှို့ဖျက်စီးခံလိုက်ရသည်။

ဗိုလ် Joshua အပါအဝင် ရဲဘော် (၃) ဦး၏ ရုပ်အလောင်းများနှင့် စစ်ကောင်စီ၏ ဗိုလ်ကြီးတစ်ဦး၏ ရုပ်အလောင်းဖြင့် အလဲအလှယ်ပြုလုပ်ရန် ဆွေးနွေးညှိနှိုင်းခဲ့သော်လည်း အစီအစဉ် မဖြစ်မြောက်ခဲ့ပါ။

ချင်းရိုးရာဓလေ့ထုံတမ်းဖြင့် ဆုတောင်းပွဲ အကျဉ်းကလေးတစ်ခုသာ လုပ်ထားနိုင်ပြီး နောက်ပိုင်းတွင် အထိမ်းအမှတ်တ်တစ်ခု လုပ်ဖို့ အစီအစဉ် ထားရှိသည်။

စစ်အာဏာသိမ်းအပြီး တောင်ပေါ်မြို့ ဖလမ်းလူထု၏ ဆန္ဒပြပွဲများတွင် တက်ကြွစွာ ပါဝင်ခဲ့သူ၊ ချင်းလက်နက် တော်လှန်‌ရေး စတင်ချိန်တွင် ချင်းအမျိုးသားတပ်ဦး CNF/ CNA မှာ စစ်သင်တန်း တက်ရောက်ပြီး CNO/ CNDF ချင်းတော်လှန်ရေးတပ်ဖွဲ့ကို တည်ထောင်ရာတွင် ပါဝင်ခဲ့သူ ဗိုလ် Joshua သည် သူဦးဆောင် ပျိုးထောင်ခဲ့သည် CNDF တပ်ဖွဲ့ဝင်များ၏ စစ်အာဏာရှင်တော်လှန်ရေးကို အဝေးတစ်နေရာမှ စောင့်ရှောက်၊ ကြည့်ရှုနေပါဦးမည်။

CNO/ CNDF မှ အထွေအထွေအတွင်းရေးမှူး Salai William Chin ကတေ့ာ ဗိုလ် Joshua ကြွေလွင့်သွားမှုနှင့် ပတ်သက်၍ ဤသို့ မှတ်ချက်ပြု၏။

“ဒီသူ့ရဲ့ ခေါင်းဆောင်ပီသစွာ ရဲရဲဝင့်ဝင့် အသက်ပေးသွားတဲ့အတွက်ကြောင့် ကျနော်တို့ဟာ နောက်ဆုတ်တဲ့ စိတ်ဓါတ်ကျတဲ့၊ အပိုင်းထက် ပိုပြီးမှ VCS နဲ့ အပေါင်းအပါအတွက် ပိုပြီးမှ ပြင်ဆင်မှု ကောင်းစွာနဲ့ ဆက်လက် တိုက်ပွဲဝင်သွားမယ်။ ကျနော်တို့ အကောင်းဆုံးနဲ့ ပြန်လာခဲ့ပါမယ်လို့ ပြောချင်ပါတယ်”

(မှတ်ချက် – ၂၀၂၂ ခုနှစ် ဇူလိုင် ၆ ရက်နေ့တွင် ခိုနူမ်းသုန်သတင်းဌာနက ရေးသားထုတ်လွှင့်ခဲ့သော CNDF ဒုတိယစစ်ဦးစီးချုပ် Salai David New ခေါ် ဗိုလ် Joshua အကြောင်းဆောင်းပါးကို ပြန်လည်ဖြည့်စွပ်ရေးသားဖော်ပြပေးခြင်းဖြစ်သည်။)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.