(004SS)
စစ်ဘေးရှောင် ပြည်သူများဖလမ်းမြို့သို့ နေရပ်ပြန်နိုင်ရေးအတွက် ဖလမ်းခရစ်ယာန် ဓမ္မအမှုတော်ဆောင်များ မိသဟာယ FCMF နှင့် ဒေသတွင်း CSOs များ ပူးပေါင်းစီစဉ်သည့် ၅ ကြိမ်မြောက် ကလေး-ဖလမ်း နေရပ်ပြန် ခရီးစဉ်ကို လာမည့် ဩဂုတ်လ ၂၇ ရက်နေ့တွင် ပြန်လည်စတင်မည်ဟု သိရသည်။
ယခု ၅ ကြိမ်မြောက် ခရီးစဉ်တွင် ခရီးသည်ဦးရေ ၆၀ အထိသာ ကန့်သတ်လက်ခံသွားမည်ဖြစ်ပြီး ခရီးစဉ်တွင် လိုက်ပါလို သူများအနေဖြင့် ဩဂုတ်လ ၂၀ ရက်နှင့် ၂၁ ရက်နေ့များတွင် Central Chin Pawlpi ရုံး၌ မနက်ပိုင်း ၉ နာရီမှ ညနေ ၃ နာရီ အတွင်း အမည်စာရင်း ကြိုတင်ပေးသွင်းကြရန် အကြောင်းကြားထားသည်။
ခရီးသည်တစ်ဦးလျှင် အဝတ်အထည်နှင့် ကိုယ်ပိုင်အသုံးအဆောင်အိတ်ကြီး ၃ အိတ်အထိ သယ်ဆောင်ခွင့်ပြုမည်ဖြစ်ပြီး အဆိုပါ ပစ္စည်းများကို ဩဂုတ်လ ၂၆ ရက်နေ့တွင် အထက်ပါရုံး၌ ကြိုတင်အပ်နှံရမည်ဖြစ်သည်။
ထို့အပြင် ဖလမ်းမြို့တွင်း၌ ပြည်သူများအတွက် သက်သာသော ဈေးနှုန်းဖြင့် ဆန်များ ဖြန့်ဖြူးရောင်းချပေးလျက်ရှိ တာ ကြောင့် ယခုခရီးစဉ်တွင် ဆန်အိတ်များ သယ်ယူခွင့်ကို ကန့်သတ်ထားသလို စီးပွားရေးဆိုင်ရာ ကုန်ပစ္စည်းများ၊ စတိုးဆိုင် ပစ္စည်းများနှင့် အရက်သေစာများ သယ်ဆောင်ခြင်းကိုလည်း တင်းကြပ်စွာ တားမြစ်ထားကြောင်းသိရသည်။
အတူလိုက်ပါမည့် မော်တော်ယာဉ်များအနေဖြင့်လည်း ဩဂုတ်လ ၂၂ ရက်နေ့ထက် မနောက်ကျဘဲ တာဝန်ရှိသူများထံ စာရင်းပေးသွင်းရမည်ဖြစ်ပြီး ကုန်စည်သယ်ယူခများကို အသက်သာဆုံးနှုန်းထားဖြင့်သာ ကောက်ခံပေးကြရန် FCMF နှင့် CSOs အဖွဲ့များက မေတ္တာရပ်ခံထားသည်။
ဖလမ်းမြို့ပေါ်သို့ စစ်ဘေးရှောင်ပြည်သူများ စနစ်တကျ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် ပြည်တွင်းပြည်ပ ချင်းအဖွဲ့ အစည်းများ၊ အသင်းတော်များ၊ GCO နှင့် CBANA တို့၏ ဘဏ္ဍာရေး ပံ့ပိုးမှုဖြင့် ဇွန်လမှစတင်ကာ အဆင့်ဆင့် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ဖလမ်းနေရပ်ပြန်ရေး ပထမအကြိမ်တွင် နာမကျန်းသူများနှင့် သက်ကြီးရွယ်အိုများကို ဦးစားပေး ပို့ဆောင်ပေးခဲ့သလို ဒုတိယကြိမ်တွင်လည်း မော်တော်ယာဉ် ၁၇ စီး၊ ဆိုင်ကယ် ၅၀ ကျော်ဖြင့် ပြည်သူ ၂၄၀ ခန့်ကို စေတနာရှင် မော်တော် ယာဉ်ပိုင်ရှင်များက အခမဲ့ ကူညီပို့ဆောင်ပေးခဲ့ကြသည်။
ထို့အပြင် ဇူလိုင် ၁၀ ရက်နေ့တွင် တတိယကြိမ်နေရပ်ပြန်ခရီးစဉ်တွင် ပြည်သူ ၁၄၀ ခန့်နှင့် ဇူလိုင် ၃၁ ရက် လေးကြိမ် မြောက်တွင် ပြည်သူ ၅၀ ဦးတို့အား ဖလမ်းမြို့သို့ အသီးသီး ရောက်ရှိနေကြပြီ ဖြစ်သည်။
FCMF နှင့် CSOs အဖွဲ့များအနေဖြင့် လာမည့် စက်တင်ဘာလအထိ ၂ ပတ် သို့မဟုတ် ၃ ပတ်လျှင် တစ်ကြိမ် ပြည်သူများ ဖလမ်းမြို့သို့ ပုံမှန် ပြန်လည်ဝင်ရောက်နိုင်ရန် ဆက်လက်စီစဉ်ပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

