စစ်ကောင်စီတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသော ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များအကြားဖြစ်ပွားသည့် ၆ လတာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကတပ်သား ၉၀၀ ကျော် သေဆုံးခဲ့သည်ဟု Cinland Join Defense Committee (CJDC) ယနေ့ သြဂုတ်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
စစ်ကိုင်းတိုင်း ကလေးမြို့နယ်အပါအဝင် ချင်းပြည်နယ် ၉ မြို့နယ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့နှင့် CJDC အဖွဲ့ဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပေါင်း ၂၂၀ ကြိမ် ဖြစ်ပွားခဲ့ကြသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်က ၉၂၇ ဦးသေဆုံးပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က ၅၃ ဦး ကျဆုံးခဲ့သည်ဟု CJDC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။