(002MG)
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ပေါ်တွင် ဒေသခံပြည်သူများ ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်းများနေပြီး ငှက်ဖျားဆေးများ ဝယ်ယူရန်ပင်မရှိဖြစ်နေသည်ဟု သိရသည်။
ဆမီးမြို့ခံတဦးက “အသည်းအသန်တော့မဟုတ်ပေမယ့် ဖျားနေကြတဲ့သူတွေက များကြတဲ့သဘောပဲ၊ ဖျားရင် ငှက်ဖျားပိုးပဲတွေ့နေကြတယ်၊ ဆေးဝါးက မရှိဘူးလို့ပြောရမှာ၊ သွေးဖောက်တာပဲရှိတာ ဆေးကတော့ ရှာလို့ရတဲ့သူကရ မရတဲ့သူကမရ ဖြစ်နေကြတာ၊ ကျွန်တော်တို့လည်း ဒီတိုင်းပဲနေကြရတာ၊ ကုန်ဈေးနှုန်းတွေကလည်း တက်တယ် တက်ဈေးနဲ့ကိုတောင် ဝယ်ဖို့မရှိတာ” ဟု ပြောသည်။
ဆမီးမြို့ပေါ်နှင့် မီးချောင်းကျေးရွာတလျှောက်တွင် မိုးတွင်းကာလ ဖြစ်ပွားလေ့ရှိသည့် ငှက်ဖျားရောဂါများ ဖြစ်ပွားနေကာ ပြည်သူများအကြား ကူးစက်မှုနှုန်းများနေပြီး အသက်သေဆုံးသည်အထိ မရှိသေးသော်လည်း ဆေးဝါးအကူအညီများ အရေးပေါ်လိုအပ်နေကြသည်ဟု သိရသည်။
ဆမီးမြို့သည် ရခိုင်ပြည်နယ်နှင့် အိန္ဒိယနိုင်ငံတို့ဖက်မှ ဝင်ရောက်လာသည့် ကုန်စည်၊ ဆေးဝါးများ၊ စားသောက်ကုန်ပစ္စည်းများကို အဓိကအားထားနေရသည့်ဒေသဖြစ်သည်။
မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်တွင် လိုင်လူငယ်အဖွဲ့အစည်း (ဗဟို) (Central Young Lai Association – CYLA) က မြန်မာနိုင်ငံဘက်ကို ဆေးဝါးများအပါအဝင် အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီများ သယ်ယူပို့ဆောင်ခွင့် ပိတ်ပင်ထားသည့်အတွက် ဆေးဝါးများ ဝယ်ယူရန်ပင်မရှိဖြစ်နေသည်ဟု သိရသည်။
လက်ရှိ ဆမီးမြို့ပေါ်တွင် ဓာတ်ဆီ တလီတာ (၁၈၀၀၀) ကျပ်ထိရှိနေပြီး ဝယ်ယူရန်ပင်မရှိတော့သည်အထိ ဖြစ်လာသည့်အပြင် အကိုက်ခဲပျောက်ဆေးဝါးများ ဝယ်ယူရန်ပင် ခက်ခဲမှုကြုံတွေ့နေကြရသည်ဟု ဆမီးမြို့ခံကပြောသည်။
“ဆန်လေးရှိတော့ အဲ့တာပဲ ရှာကြံပြီးတော့ ထိုင်စားနေကြရတာ၊ အသားငါးခက်တယ်၊ဟင်းသီးဟင်းရွက် လည်း မိုးတွင်းဆိုတော့ ရေကလည်းကြီးတော့ အသွားအလာလည်း သိပ်အဆင်မပြေတော့ အခက်ခဲရှိတယ်တယ်၊ အခုလော လောဆယ် ဝင်တာကိုမရှိသေးတာ၊ ကျွန်တော်တို့ဆီမှာက အိန္ဒိယပြည်ဖက်က ပိတ်ရင် တခြားနေရာက ဝင်စရာမရှိတော့ဘူး၊ ကြာလာရင်တော့ ဘာဖြစ်မလဲတော့ မသိတော့ဘူး” ဟု ၎င်းကပြောသည်။
အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် ဆမီးမြို့ပေါ်တွင် ယခုလက်ရှိ လူဦးရေ တစ်ထောင်နီးပါးသာ နေထိုင်ကြပြီး မြို့ခံပြည်သူအများစုမှာ စစ်ဘေးတိမ်းရှောင်နေကြဆဲဖြစ်သည်ဟု သိရသည်။