(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းတောင်သို့တက်သည့် ခရီးသည်တင်ကားနှင့် ကုန်တင်ကားများကို ဆန်နှင့် ရိက္ခာများသယ်ယူခွင့်ကို စစ်ကောင်စီတပ်က ဆက်လက်ပိတ်ပင်ထားသည်ဟု သိရသည်။
ကလေးမြို့အထွက် တက္ကသိုလ်မုဒ်ဦးအနီးရှိ စစ်ကောင်စီ၏ ၈ မိုင်စစ်ဆေးရေးဂိတ်ကနေ ပြီးခဲ့သည့် ဩဂုတ်လ ၂၀ ရက်နေ့ကစ၍ ယနေ့ချိန်ထိ ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်း ဟားခါး-ဖလမ်း-တီးတိန်-ရိခေါဒါရ်မြို့သို့ ပြေးဆွဲနေသော မော်တော်ယာဉ်များကို ဆန်နှင့် အခြားသောရိက္ခာများ သယ်ယူခွင့်ပိတ်ပင်ထားခြင်းဖြစ်သည်။
ထို့အပြင် ကလေးမြို့အစပ် ချင်းပြည်နယ် ခိုင်ကမ်းမြို့သို့လည်း ဆန်ကို အိတ်လိုက်ဖြင့် သယ်ယူခွင့်ပိတ်ထားသည်ဟု ခိုင်ကမ်းမြို့က အိမ်ရှင်မတစ်ဦးကပြောသည်။
“ပြီးခဲ့တဲ့အပတ်က ကျမဆိုရင် ကလေးမြို့ထဲကနေ ဆန် ၁အိတ်ဝယ်ပြီး သယ်တာ ၈ မိုင်ဂိတ်ရောက်တော့ စစ်သားတွေက ဆန်အိတ်အပြည့်မသယ်ခိုင်းဘူး၊ အိမ်မှာ ဘယ်နှစ်ယောက်ရှိလဲမေးတယ်၊ လူဦးရေအပေါ်မူတည်ပြီးတော့ သယ်ရတယ်။ အဲ့လိုလုပ်တော့ လိုသလောက် သိုလှောင်ဖို့အထိတောင် အခက်တွေ့လာတယ်” ဟု ခိုင်ကမ်းမြို့ခံက ပြောသည်။
လက်ရှိတွင်လည်း ကလေးမြို့မှ ချင်းပြည်နယ်မြောက်ပိုင်းသို့ နေ့စဉ် ခရီးသည်တင်နှင့် ကုန်တင်ကားများ ပုံမှန်ရှိသော်လည်း ဆန်၊ အီလက်ထရောနစ်ပစ္စည်းနှင့် ယောကျာ်းစီးဖိနစ်များ သယ်ယူခွင့်မပြုကြောင်း ကလေး-ရိ ယာဉ်လိုင်းပြေးဆွဲနေသူတစ်ဦးကပြော ည်။
”ကားတွေက ပုံမှန်သွားလာလို့ရတယ် တညအိပ်ပါပဲ။ အခုထိ တရားဝင်တော့ ဆန်တွေသယ်လို့ မရသေးဘူး၊ ပြီးရင် ယောကျ်ားဖိနပ်တွေ၊ အီလက်ထရောနစ်ပစ္စည်းတွေ၊ ဆန်တွေ သယ်လို့မရသေးဘူး” ဟု ၎င်းက ပြောသည်။
ကလေးမြို့မှ အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့အထိ ယာဉ်စီးခမှာ လူတစ်ဦးလျှင် (၂) သိန်းကျပ်ရှိသည်ဟု သိရသည်။
ယခုကဲ့သို့ ကလေးမြို့မှ ဆန်များသယ်ယူခွင့် ပိတ်ပင်ထားသည့်အတွက် တီးတိန်မြို့ပေါ်တွင် ကုန်ဈေးနှုန်းများလည်း မြင့်တက်လာနေသည်ဟု တီးတိန်မြို့ဒေသခံက ပြောသည်။
တီးတိန်မြို့ခံက “ဆန် ဧရာမင်းက တအိတ်ကို ၁ သိန်းခွဲ၊ အိန္ဒိယဆန် အရင်က ခြောက်သောင်းတန်က အခုကိုးသောင်းကျော်ပြီ ကုန်ဈေးနှုန်းတအားတက်တာပေါ့၊ ဓာတ်ဆီဆိုရင် တဂါလံ ခြောက်သောင်း၊ အိန္ဒိယဆိုရင် ငါးသောင်းရှိပြီ အခုဆိုရင် အိန္ဒိယဖက်လည်း ကုန်မဝင်တော့ဘူး၊ ကလေးဖက်ကလည်း ဆန်သယ်လို့မရဘူး၊ အခုက ပစ္စည်းတွေက နည်းနည်းစီပဲဝင်တယ်။ တီးတိန်ဖက်ဆိုရင် အဓိက ကလေးကနေပဲ ကုန်ပစ္စည်းတွေဝင်တာဆိုတော့ ဈေးနှုန်းတွေက ပိုတက်လာတယ်” ဟု တီးတိန်မြို့ခံက ပြောသည်။
ချင်းပြည်နယ်မြောက်ပိုင်းဒေသသည် ကလေးမြို့မှ ဆန်နှင့် အခြေခံစားသုံးကုန်များကို အဓိကမှီခိုအားထားရခြင်းဖြစ်သော်လည်း ယခုကဲ့သို့ကန့်သတ်မှုရှိလာသည့်နောက်ပိုင်း ကုန်ဈေးနှုန်းများလည်း အဆမတန်မြင့်တလာသောကြောင့် အခြေခံလူတန်းစားများအတွက် စားဝတ်နေရေး ပိုမိုကြပ်တည်းလာကြောင်း သိရသည်။