(002MG)
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် စစ်ကူအင်အားများ ဆက်တိုက်ဖြည့်တင်းနေသည်ဟု ဒေသခံများထံမှ သိရသည်။
ဟားခါးမြို့မှာ နိုဝင်ဘာလ ၁၇ ရက်နေ့ကစ၍ ယနေ့အထိ ၃ ရက်ဆက်တိုက် Mi 17 ရဟတ်ယာဉ်ဖြင့် ခလရ ၂၆၆ တပ်ရင်းထဲကို စစ်ကူများလာချပေးနေသည်ဟု ဟားခါးမြို့ဒေသခံတစ်ဦးကပြောသည်။
“ပုံမှန်အားဖြင့် ၁၀ နာရီလောက်ဆိုရင်ဆင်းပြီ။ တရက်ကို (၄) ခေါက်လောက်ဆင်းတယ်၊ ရဟတ် ယာဉ်ဆင်းတာတော့ တော်တော်လေးမြန်တယ်၊ အင်အား ဖြည့်တာဖြစ်နိုင်တယ်၊ ဘာလို့ လဲဆိုရင် ပစ္စည်းတင်တာ၊ ချတာတွေက နည်းနည်းကြာတာလေ အခု သူဆင်းပုံက ခနလေးပဲကြာတယ်ဆိုတော့ အင်အားဖြည့်တာပဲထင်တယ်” ဟု ဟားခါးမြို့ခံတဦးက ပြောသည်။
ယခုရက်ပိုင်းအတွင်း ဟားခါးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ဟားခါး-ထန်တလန်ကြားနှင့် ထန်းတလန်မြို့ပေါ်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည့်အပြင်၊ ဖလမ်းမြို့တို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသောကြောင့် စစ်ကူများချလာခြင်းဖြစ်နိုင်သည်ဟု ဒေသခံတချို့က ယူဆကြသည်။