(005MK)
မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းမြို့မှာ စစ်ဘေးရှောင်အဖြစ်နေထိုင်သော မြန်မာစစ်ဘေးရှောင် ၂ ဦးသည် မူးယစ်ရမ်းကားပြီး ရပ်ကွက်ထဲမှာ ပြသနာရှာသည့်အတွက် မြန်မာနိုင်ငံသို့ပြန်သွားရန် မီဇိုးလူငယ်အသင်း (YMA) က မောင်းထုတ်လိုက် သည်ဟု သိရသည်။
နယူးကျန်ဖိုင်း ရပ်ကွက်တွင်နေထိုင်သူ Lalhmachhuana နဲ့ Mangkarthanga တို့ ၂ ဦးသည် ဇွန်လ ၂၂ ရက်ညက အရက်မူးပြီး ပြသနာရှာသည့်အပြင် လက်နက်ကိရိယာတစ်ခုခုဖြင့် ခြိမ်းခြောက်မှုများလည်း ပြုလုပ်သည့်အတွက် ဇွန်လ ၂၈ ရက်နေ့မတိုင်ခင် ရပ်ကွက်မှထွက်ခွါ၍ မြန်မာနိုင်ငံသို့ပြန်သွားရန် အသိပေးထားကြောင်း နယူးကျန်ဖိုင်း YMA က ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့ကလည်း စစ်ဘေးရှောင်တစ်ဦး Pu Vum Deih Lian သည် မူးယစ်ရမ်းကား ပြသနာရှာ လေ့ရှိသည့်အပြင် လက်နက်ကိရိယာတစ်ခုခုဖြင့် ခြိမ်းခြောက်မှုများလည်း ပြုလုပ်လေ့ရှိသည့်အတွက် ဇွန်လ ၁၈ ရက်နေ့မတိုင်ခင် မြန်မာနိုင်ငံသို့ပြန်သွားရန် နယူးကျန်ဖိုင်း YMA က နှင်ထုတ်ခဲ့ပြီးဖြစ်သည်။
အလားတူ မေလတုန်းကလည်း မီဇိုရမ်ပြည်နယ် ကျန်ဖိုင်းခရိုင်တွင် မူးယစ်ဆေးဝါးကြောင့် ဖမ်းဆီးခံရသူ စစ်ဘေးရှောင် ၄ ဦးနှင့် ၎င်းတို့၏ မိသားစုဝင်များအားလုံးကို မီဇိုးလူငယ်အသင်း YMA က ရပ်ကွက်ထဲ နေခွင့်မပြုတော့ဘဲ မြန်မာနိုင်ငံကိုပြန်ရန် နှင်ထုတ်ခဲ့ပြီးဖြစ်သည်။