(006SV)
ချင်းလူမျိုးအချင်းချင်းကြား ဘုံရန်သူကို တိုက်ထုတ်နေသော တော်လှန်ရေးကာလအတွင်း လူမျိုးနွယ်စုနှင့် ဒေသကိစ္စရေးများတွင် ဝင်ရောက်စွက်ဖက်မှုကို အားမပေးဘဲ ယင်းသို့လုပ်ဆောင်သော ချင်းအဖွဲ့အစည်းကို အားပေးထောက်ခံမည်မဟုတ်ကြောင်း ပလက်ဝကောင်စီနှင့် CDF – ပလက်ဝက ကြေညာသည်။
အာဏာသိမ်းစစ်ကောင်စီနှင့် အာဏာရှင်စနစ်အဖွဲ့ဟူသမျှကိုသာ တိုက်ထုတ်သွားမည်ဖြစ်ပြီး ချင်းလူမျိုးအချင်းချင်းကြား ဘုံရန်သူကို တိုက်ထုတ်နေသော တော်လှန်ရေး ကာလအတွင်း လူမျိုးနွယ်စု၊ ဒေသကိစ္စရေးများတွင် လုံးဝဝင်ရောက်၊ စွက်ဖက် ပူးပေါင်းပါဝင်မှုကို အားမပေးကြောင်း CDF – ပလက်ဝက ယနေ့ ဇူလိုင်လ ၇ ရက်မှာ ထုတ်ပြန်သည်။
အချင်းချင်းပဋိပက္ခဖြစ်စေသော မည်သည့်ချင်းတော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းကိုမျှ အားပေးထောက်ခံမည်မဟုတ်ကြောင်း အသိပေးသည်။
ချင်းပြည်လွတ်မြောက်ရေး၊ အမျိုးသား တည်ဆောက်ရေးလမ်းစဉ်နှင့် အာဏာရှင်စနစ်ဟူသမျှ တိုက်ဖျက်ရေးတို့တွင် ရည်မှန်းချက်တူ တော်လှန်ရေးတပ်ဖွဲ့များနှင့် ဆက်လက်ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမည်ဟု CDF- ပလက်ဝက ဆိုသည်။

လက်ရှိ ချင်းပြည်အတွင်းဖြစ်ပွားနေသော လူမျိုးချင်းတူညီ အစ်ကိုကြား သွေးထွက်သံယိုမှုကိစ္စသည် ချင်းလူမျိုးများ၏ သွေးစည်းညီညွတ်ရေးလမ်းစဉ်ကို လွန်စွာထိခိုက်စေသည်ဟု ပလက်ဝကောင်စီက ထုတ်ပြန်သည်။
ထုတ်ပြန်ချက်နှင့်ပတ်သက်၍ CDF – ပလက်ဝထံ ဆက်သွယ်မေးမြန်းသော်လည်း မရသေးပါ။
ဇူလိုင်လ ပထမပတ်အတွင်း ချင်းလဲန်းကောင်စီအဖွဲ့ဝင် HPO / CDF – Hualngoram နှင့် ချင်းညီနောင်အဖွဲ့ဝင် ချင်းအမျိုုး သားကာကွယ်ရေးတပ်ဖွဲ့ (CNO/ CNDF) တို့က လူမျိုးနွယ်စုနှင့် ဒေသအရေးကိစ္စအခြေခံသော စစ်ရေးပဋိပက္ခကြောင့် အရှိန်မြင့်လာချိန်တွင် CDF – ပလက်ဝ၏ ယခု ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
မရာဒေသတွင်လည်း ချင်းလဲန်းကောင်စီအဖွဲ့ဝင် CDF – မရာနှင့် ချင်းညီနောင်အဖွဲ့ဝင် MDF တို့ကြားတွင် စစ်ရေးတင်းမာမှုများ ဖြစ်လာနေသည်ဟု CDF – မရာက ဇူလိုင်လ ၅ ရက်မှာ ထုတ်ပြန်ထားသည်။