(004SS)
မလေးရှားတွင် ဒုက္ခသည်များမှတ်ပုံတင်ခြင်းအစီအစဥ် (DPP) ကို လာမည့်နှစ် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ မှစတင်၍ အကောင်အထည်ဖော်မည်ဟု ဒုပြည်ထဲရေးဝန်ကြီး Shamsul Anuar Nasarah က ကြေညာခဲ့ကြောင်း Alliance of Chin Refugees ၏ဖော်ပြချက်အရ သိရသည်။
ဤအစီအစဥ်သည် နိုင်ငံတော်လုံခြုံရေးကို ကာကွယ်ရန်၊ ဒေတာကွာဟချက်များကို ဖြေရှင်းရန်နှင့် လက်ရှိ UNHCR ၏ ဒုက္ခသည်များ မှတ်ပုံတင်ခြင်းစနစ်ကို အစားထိုးရန် ရည်ရွယ်ပြီး နိုင်ငံတော်လုံခြုံရေးကောင်စီနှင့် ပူးပေါင်းဆောင်ရွက် မည်ဟု ဒုဝန်ကြီးက ရှင်းပြခဲ့ကြောင်း သိရသည်။
DPP အစီအစဥ်အရ ဒုက္ခသည်များ၏ အချက်အလက်များနှင့် လက်ဗွေစသည့် ဇီဝမှတ်တမ်းများ ကို စနစ်တကျ မှတ်တမ်းတင်သိမ်းဆည်းသွားမည့်အပြင် အစိုးရမှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုသူများကို တရားဝင်အထောက် အထားစာရွက်စာတမ်းများ ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ဒုဝန်ကြီး Shamsul Anuar Nasarah က အစိုးရပါဝင်မှုမရှိဘဲ UNHCR မှ မိမိဘာသာ ဒုက္ခသည်များမှတ်ပုံတင်ခြင်း သည် နိုင်ငံတော်လုံခြုံရေးကို အန္တရာယ်ဖြစ်စေသည် ဟု ထောက်ပြခဲ့ပြီး DPP အစီအစဥ်သည် အစိုးရအနေဖြင့် ဒုက္ခသည်များကို ပိုမိုထိရောက်စွာ ကိုင်တွယ်နိုင်ရန်အတွက် ရှင်းလင်းတိကျသော အချက်အလက်များနှင့် ဇီဝမှတ်တမ်း များကို ရရှိစေမည်ဟုလည်း အလေးပေးပြောကြားခဲ့ကြောင်း ACR က ဖော်ပြထားသည်။
DPP အောက်ရှိ ဒုက္ခသည်များ၏ အချက်အလက်များကို ၎င်းတို့ တတိယနိုင်ငံသို့ ပြောင်းရွှေ့သည့်အချိန်၊ နေရပ်ပြန် သည့်အချိန် သို့မဟုတ် အစိုးရမှ နေရပ်ပြန်ပို့သည့်အချိန်များအထိ စောင့်ကြည့်နိုင်ရန် ကောင်းမွန်စွာ သိမ်းဆည်းသွား မည်ဖြစ်ကြောင်းလည်း ဒုဝန်ကြီးက ထပ်လောင်းပြောကြားခဲ့ကြောင်း သိရသည်။
DPP ဆိုသည်မှာ ဒုက္ခသည်များမှတ်ပုံတင်ခြင်းအစီအစဥ် (Refugee Registration Programme) ဖြစ်ပြီး လက်ရှိ UNHCR (ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး) ၏ လက်ရှိအသုံးပြုနေသော ဒုက္ခသည်များမှတ်ပုံတင် ခြင်းစနစ်ကို အစားထိုးရန် ရည်ရွယ်ကာ မလေးရှားအစိုးရမှ စတင်အကောင်အထည်ဖော်မည့် စနစ်တစ်ခုဖြစ်သည်။

