မတူပီမြို့တွင် လင် မယား သတ်ဖြတ်မှုဖြစ်ပွား

0

ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့ပေါ်တွင် လင် ဖြစ်သူက မယားအား သတ်ဖြတ်သည့် အမှု ဖြစ်ပွားသည်ဟု သိရသည်။

 

မတူပီမြို့ စန်ဘောင်ရပ်ကွက်တွင်နေထိုင်ပြီး ပန်းရံလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူ ဦးသန်းစိုး (ပခုက္ကူဇာတိ) ၏ ဇနီး ဒေါ်ပပ ဆိုသူသည် ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ဆေးရုံ၌ သေဆုံးသွားခြင်းဖြစ်သည်။

 

“ သေဆုံးသူရဲ့  နဖူး၊ နောက်စေ့၊ မျက်နှာ နဲ့ နှုတ်ခမ်းတွေမှာ သွေးတွေပေကျံပြီးယောင်ကိုင်းနေတယ်” ဟု အလောင်းကို သွားကြည့်သည့် ဂျိမ်းရိုလဲန်းက ပြောသည်။

 

ဦးသန်းစိုးသည် ဇွန်လ ၂၂ ရက်နေ့တွင် မယားဖြစ်သူ ဒေါ်ပပအား ပြည်သူ့ ဆေးရုံလာတင်ခဲ့ပြီး အတွင်းလူနာအဖြစ်ကုသမှု ခံယူနေစဉ် ဇွန်လ ၂၆ ရက်နေ့တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

 

သေဆုံးသူအလောင်းအား ခွဲစိပ်ရာတွင် ဦးခေါင်းနောက်စေ့ အကြောတွေ ပြတ်သွားကြောင်း၊  ထိုသို့ အကြောတွေ ပြတ်သွားခြင်းမှာ နောက်စေ့ ဒါဏ်ရာကြောင့် ဖြစ်ကြောင်း စစ်ဆေး တွေ့ရှိကြသည်။

 

လင်မယားနှစ်ယောက်စလုံးသည်  ဇွန်လ ၂၂ ရက်နေ့ညမှာ နှစ်ယောက်စလုံး စကားများ ရန်ဖြစ်ကြပြီး ယောင်္ကျားဖြစ်သူက အမျိုးသမီးကို ရိုက်နှက်ကြောင်း သိရသည်။

 

နယ်မြေခံ ပြည်သူ့ရဲတွေက ဦးသန်းစိုး၏ သားကို မေးစမ်းကြည့်ရာတွင် အဖေက အမေ့ကို ရိုက်ခဲ့လို့ အမေအိပ်ရာမှ မထနိုင် တောတဲ့ အခါကျမှ  ဆေးရုံကို တင်လာရခြင်းဖြစ်ကြောင်း သိရသည်။

 

ဦးသန်းစိုးအား ပြည်သူ့ရဲတွေက ထိန်းသိမ်းထားကြပြီး အမိမဲ့ ကလေးငယ် နှစ်ဦးမှာ နေစရာအိမ်၊ ဆွေမျိုး မရှိတော့ သဖြင့် အဖေနှင့် အတူ အချုပ်ခန်းထဲမှာ အိပ်ကြရကြောင်း ထပ်မံသိရသည်။

Share.

About Author

Comments are closed.