(006SV)
နိုင်ငံတဝန်းမှာ စစ်တပ်၏ လက်ရှိထိုးစစ်ဆင်တိုက်ခိုက်မှုများအတွင်း ချင်းတောင်ပိုင်း စစ်မျက်နှာသည် ရခိုင်စစ်မျက်နှာပြီးလျှင် ဒုတိယအကြီးဆုံး ထိုးစစ်ဆင်နေမှုဖြစ်ပြီး ယင်းကို ကာကွယ်ထားနိုင်ကြောင်း ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA) ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က ပြောသည်။
ချင်းလူမျိုးနှင့် ချင်းအင်အားစုများအနေဖြင့် ကိုယ့်မြို့နယ်ဒေသနှင့် မျိုးနွယ်စုကိုသာ ကွက်၍ မကြည့်သင့်ဘဲ အမြင်ကျယ်ရန် လိုအပ်ပြီး ချင်းတောင်ပိုင်းရှိ ချင်းကာကွယ်ရေးတပ်ဖွဲ့များသည် တစ်စုတစ်စည်းထဲ စုစည်းနိုင်၍သာ စစ်တပ်၏ ထိုးစစ်ကို တွန်းလှန်နိုင်ခြင်းဖြစ်သည်ဟု CPU/ CPA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်က The Kaladan Post သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုမှာပြောဆိုခြင်းဖြစ်သည်။
“အခု စစ်ကောင်စီ သုံးတာက တပ်မ ၃ မ နီးပါးတောင် ရှိပြီ။ အင်အား ၃၀၀၀ ကျော်၊ ၃၅၀၀ ဝန်းကျင်လောက်ကို သုံးထားတယ်။ အဲဒါကို တောက်လျှောက် ၆ လ ၇ လလောက် တောင့်ခံနေတယ်ဆိုတာ၊ တစ်နိုင်ငံလုံးမှာ အဲလောက် အင်အား သုံးတယ်ဆိုတာ၊ ရခိုင်ပြီးရင် ဒီချင်းတောင်ပဲ ရှိတယ်။ ကချင်ဖြစ်စေ၊ စစ်ကိုင်း ဖြစ်စေ၊ ကရင်ဖြစ်စေ၊ ကရင်နီဖြစ်စေ အဲလောက် အင်အားသုံး မထိုးဘူ။ ကျနော်တို့အနေနဲ့ ဒီလောက် အင်အားသုံး ထိုးနေတာကို ဒီနေ့ထိ ကာကွယ်ထားနိုင်တယ်၊ ခုခံထားနိုင်တယ်ဆိုတာက ဒါအကြီးမားဆုံး အောင်မြင်မှု ဖြစ်တယ်” ဟု ဆလိုင်းယောမာန်က ပြောသည်။
လက်ရှိမှာ ချင်းပြည်အတွင်း ချင်းပြည်သူ့တပ်မတော် (CPA)ကို အင်အားကြီးတပ် တစ်ခုဖြစ်အောင် တည်ဆောက်ထားနိုင်ပြီး ယင်းတည်ဆောက်မှုသည် ချင်းပြည်ကို ကာကွယ်နိုင်ရန်နှင့် စစ်တပ်ကို တိုက်ထုတ်ဖို့ရန်သာ ဖြစ်ကြောင်း၊ ချင်းအင်အားစု အချင်းချင်း ဖိနှိပ်၊ အနိုင်ကျင့်ဖို့ရန် မဟုတ်ကြောင်း CPU/ CPA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
“ခုနလိုမျိုး အင်အားကြီးလာတယ်။ အင်အားကြီးအောင်လည်း တည်ဆောက်ခဲ့ပါတယ်။ ကျနော်တို့ အင်အားကြီးအောင် တည်ဆောက်တာလည်းပဲ အကြမ်းဖက် စစ်ကောင်စီကို တိုက်ဖို့ပဲ။ ရည်ရွယ်ချက်က အမြဲတမ်း တော်လှန်ရေးနဲ့ စစ်ကောင်စီပဲ။ တော်လှန်ရေးကို ချဉ်းကပ်တဲ့ အခါမှာ ဒီ စစ်ကောင်စီနဲ့ ဆိုရင်တောင် ကျနော်တို့ရဲ့ ရဲဘော်တွေမှအစ ရှင်းတယ်။ ကိုယ့်မြေကို ကာကွယ်နေတာ။ သေနတ်ကိုင်တယ်ဆိုတာက ရွာတွေကို မီးရှို့ဖို့ သေနတ်ကိုင်နေတာ မဟုတ်ဘူး။ နောက် လက်ညှိုးတွေ ကွေးနေတယ်ဆိုတာက တွေ့ကရာလူ ပစ်သတ်ဖို့၊ ဒါမှမဟုတ်လည်း အမျိုးသမီး တွေ့ရင် အဓမ္မ ကျင့်ဖို့၊ ရွာတွေ တွေ့ရင် မီးရှို့လိုက်ဖို့၊ သူများ နယ်က ပစ္စည်းတွေ ခိုးယူ သောင်းကျန်း မီးရှို့ ဖျက်ဆီးဆိုတာမျိုးနဲ့ လုံးဝ ကွာတယ်။ ကျနော်တို့ မိသားစုကို ကာကွယ်မယ်။ ဘိုးဘွားပိုင်မြေ အမိမြေကို ကာကွယ်မယ်။ ကိုယ့်ရဲ့ အဖေအမေ၊ ကိုယ့်ရဲ့ ညီအစ်ကို မောင်နှမတွေ အကုန်လုံး ကာကွယ်မယ်ဆိုတဲ့ ဟာပဲ” ဟု ဆလိုင်းယောမာန်က ပြောသည်။
ချင်းပြည်နှင့် ချင်းလူထုကို ကာကွယ်ရင်း အရပ်ဖက်တရားဥပဒေ စိုးမိုးရေးအပါအဝင် ပြည်သူ့ဝန်ဆောင်မှုနှင့် ဌာနဆိုင်ရာလုပ် ငန်းများ ပိုမိုကောင်းမွန်စွာ လည်ပတ်နိုင်ရေးကိုလည်း CPU/ CPA က လုပ်ဆောင်နေကြောင်း သိရသည်။
မေလလယ်မှ စတင်၍ ယနေ့အထိ ချင်းတောင်ပိုင်းရှိ မင်းတပ်၊ ကန်ပက်လက်၊ ကျင်ဒွေး စသည့် မြို့များကို စစ်တပ်သည် စစ်အင်အား ၃၅၀၀ ဝန်းကျင်အသုံးပြု၍ စစ်မျက်နှာ ၄ ခုဖြင့် ထိုးစစ်ဆင်နေသည်မှာ ၆ လခန့် ရှိလာနေပြီး CPU/ CPA နှင့် မဟာမိတ်အင်အားစုများက တွန်းလှန်လျက်ရှိသည်။
လတ်တလောမှာ မင်းတပ်၊ ကန်ပက်လက်၊ ကျင်ဒွေး စစ်မျက်နှာများတွင် စစ်တပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ယောဒေသမှတစ်ဆင့် စစ်တပ်က စစ်အင်အားများ အကြိမ်ကြိမ် ထပ်မံ ဖြည့်တင်းနေသည်။
ရွှေအောင်သာဘက်တွင် တော်လှန်ရေးပူးပေါင်းတပ်က ယာယီဆုတ်ခွာခဲ့၍ စစ်တပ်က ချင်း – ရခိုင်- မကွေး၊ ယောဒေသ ကုန်စည်ကူးသန်းရေးအတွက် အရေးပါသော အဆိုပါဒေသကို နယ်မြေထိန်းချုပ်စိုးမိုးရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
CPU/ CPA ကို ချင်းတောင်ပိုင်းမှ မင်းတပ်၊ ကန်ပက်လက်၊ မတူပီနှင့် ပလက်ဝမှ တစ်စိတ်တစ်ဒေသကို ထိန်းချုပ်ထားသော ချင်းတော်လှန်ရေး လက်နက်ကိုင်အင်အားစုများက ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၅ ရက် ဖွဲ့စည်းခဲ့ပြီး လက်ရှိမှာ ဒေသတွင်း ချင်းတော်လှန်ရေး အင်အားစုကြီး တစ်ခုဖြစ်လာနေသည်။

