(CNA တပ်ကြပ် Biak Tin Lian နှင့် တပ်ကြပ် Ram nghak)
အစိုးရတပ်မတော်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် သေဆုံးခဲ့ကြသည့် ကချင်ဗိုလ်လောင်း ၂၃ ထဲတွင် ချင်းအမျိုးသား တပ်မတော် CNA မှ ဗိုလ်လောင်း ၂ ဦးလည်းပါဝင်သည်ဟုသိရသည်။
ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ဌာနချုပ်တွင် ဗိုလ်လောင်းသင်တန်းတက်ရောက်နေသော သင်တန်းသားများ သည် နိုဝင်ဘာလ ၁၉ ရက်နေ့က သင်တန်း အတွက် တန်းစီနေကြချိန်တွင် ကေအိုင်အိုဗဟိုဌာနချုပ် တည်ရှိ ရာ လိုင်ဇာ မြို့အနီး ခရာတောင် ကုန်း၌ တပ်စွဲထားသော အစိုးရ တပ်က လက်နက်ကြီးဖြင့် ပစ် ခတ်ခဲ့ မှုကြောင့် ဗိုလ်လောင်း ၂၃ဦး သေဆုံးကာ သင်တန်း နည်းပြအပါအ၀င် သင်တန်းသား ၂၀ ဦး ဒဏ်ရာရရှိခဲ့ကြသည်။
ယင်းသေဆုံးသည့် ဗိုလ်လောင်း ၂၃ ဦးထဲတွင် ချင်းအမျိုးသားတပ်မတော်မှ စေလွှတ်ထားသော တပ်ကြပ် Biak Tin Lian နှင့် တပ်ကြပ် Ram nghak တို့ နှစ်ဦးလည်း ပါဝင်သည်ဟု ချင်းအမျိုးသားတပ်မတော်အရာရှိတစ်ဦးကပြောသည်။
အစိုးရတပ်မတော်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် ဗိုလ်လောင်းသင်တန်းသား စုစုပေါင်း ၄0 ကျော်အနက် ၂၀ ဦးမှာ ပွဲချင်းပြီးသေဆုံးကာ ဒဏ်ရာရသူ များထဲမှ ၃ ဦး ထပ်မံသေဆုံးခဲ့၍ စုစုပေါင်း ၂၃ ဦး သေဆုံးသွားခြင်း ဖြစ်သည်။
အဆိုပါကိစ္စကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ယနေ့ နိုဝင်ဘာလ ၂၀ တွင် ကေအိုင်အိုက ကြေညာချက်တရပ် ထုတ်ပြန်လိုက်ပြီး ကေအိုင်အို ဌာနချူပ် အနီး ပတ်ဝန်းကျင်တွင် မြန်မာ့တပ်မတော် တပ်စခန်းများ အလွန်နီးကပ်စွာ တပ်စွဲထားကာ မိမိတို့ တပ်စခန်းဘက်သို့ ရန်လိုသည့်သဘောဖြင့် ပစ်ခတ်ခြင်းဖြစ်သည်ဟု ယူဆရကြောင်း KIO ၏ ကြေညာချက်တွင်ဖော်ပြထားသည်။
ထို့ကြောင့် မြန်မာ့တပ်မတော်အနေဖြင့် ကေအိုင်အို ဌာနချူပ် နှင့် နီးကပ်စွာဖြန့်ကြက်ထားသော ခရာဘွမ်တောင်ကြော တလျောက်မှ ၎င်းတို့၏ လက်နက်ကြီးများ ဖယ်ရှားပေးရန် နှင့် တပ်စခန်းများကို ရုပ်သိမ်းပေးရန် KIO က တောင်းဆိုထား သည်။