ရေး – BL. Khaisa(Mara)
“အမျိုးသားရေး” ဆိုတာ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှုကို ချစ်မြတ်နိုးပြီး ကာကွယ်ထိန်းသိမ်းလိုစိတ်ဖြစ်ပါတယ်။ လူမျိုးရေးနဲ့ အမျိုးသားရေးကို တချို့က ရောထွေးတတ်ကြပါတယ်။ မတူပါဘူး။ လူမျိုးရေးဆိုတာ ကျဥ်းမြောင်းပြီး အမျိုးသားရေးက ကျယ်ပြန့်ပါတယ်။ လူမျိုးရေးက ဘောင်ချုံ့ပြီး အမျိုးသားရေးက ဘောင်ချဲ့ပါတယ်။ လူမျိူးရေးက အပိတ်ကစားပြီး အမျိုးသားရေးက အဖွင့်ကစားပါတယ်။
အမျိုးသားရေးကို အဓိကအားဖြင့်
၁) Civic Nationalism (နိုင်ငံသားအခြေပြု အမျိုးသားရေး)
၂) Ethnic Nationalism (လူမျိုးအခြေပြု အမျိုးသားရေး)
၃) Cultural Nationalism (ယဉ်ကျေးမှုအခြေပြု)
၄) Religious Nationalism (ဘာသာရေးအခြေပြု)
၅) Anti-Colonial Nationalism (ကိုလိုနီဆန့်ကျင်)
၆) Expansionist / Chauvinistic Nationalism (အလွန်အမင်း အမျိုးသားရေး)
၇) Economic Nationalism (စီးပွားရေးအမျိုးသားရေး) ဆိုပြီး ၇ မျိုး သတ်မှတ်လေ့ရှိကြပါတယ်။
အမျိုးသားရေးက ဘာကို အဓိကထားဆောင်ရွက်သလဲဆိုရင် “အမျိုးသားအကျိုးစီးပွား- National interest ” ကို တည်ဆောက်ခြင်း၊ ကာကွယ်ခြင်းနဲ့ ရှာဖွေခြင်းတို့ပါပဲ။ ဒါကို “အမျိုးသားတည်ဆောက်ရေး- Nation- Building” လို့ ခေါ်တာပါ။ အမျိုးသားအကျိုးစီးပွားဆိုတာ ဘာလဲဆိုရင် မိမိတို့လူမျိုးရဲ့ ယဥ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဥ်အလာ၊ ကိုးကွယ်ယုံကြည်မှု၊ စာပေ၊ စီးပွားရေး၊ လူမှုရေး၊ သမိုင်း၊ အနုပညာ၊ နယ်မြေနဲ့လူမျိုး ကာကွယ်ရေးစသဖြင့် ဆိုလိုခြင်းဖြစ်ပါတယ်။
Nation-Building ဆိုတာ အကျိုးစီးပွားတည်ဆောက်ခြင်း၊ ကာကွယ်ခြင်းဖြစ်တယ် ။ အကျိုးစီးပွား- Interest ဆိုရာ ဝယ် ဘာသာစကား၊ ကိုးကွယ်ယုံကြည်မှု၊ ယဥ်ကျေးမှု၊ စီးပွားရေး၊ လူမှုရေး၊ သမိုင်း၊ ဗိသုကာနဲ့ ကာကွယ်ရေးစသဖြင့် ပါဝင်တယ်။ ဒီနေရာမှာ Nation နဲ့ Building စကားလုံးနှစ်ခုကို ခွဲ ခြမ်းစိတ်ဖြာ စိစစ်ဖို့ လိုအပ်လာတယ်။ ဒီနေရာမှာ သုံးတဲ့ Building ဆိုတာက နိုင်ငံရေးအဆောက်အဦး၊ အကျိုးစီးပွားအဆောက်အဦး၊ အမျိုးသားရေးအဆောက်အဦးကို ဆိုလိုခြင်းဖြစ်ပါတယ်။ Nation ကို ဘယ်လို သတ်မှတ်ကြသလဲ ။ လူဦးရေ အနည်းအများလား။ နယ်နိမိတ် အကျယ် အဝန်းအကြီးအသေးလားပေါ့လေ။ Nation ဆိုတာ သမိုင်း၊ ယဉ်ကျေးမှု၊ အမှတ်အသားများကို မျှဝေပြီးကိုယ့်ကိုယ်ကို “တစ်စုတစ်ဖွဲ့တည်း” လို့ ခံယူထားတဲ့ လူအစုအဝေးကို Nation (လူမျိုး) လို့ ခေါ်ပါတယ်။
အများသဘောတူတဲ့ Nation တစ်ခုကို သတ်မှတ်တဲ့ အဓိကအချက်တွေကတော့
၁) ကိုယ်တိုင်အသိအမှတ်ပြုမှု (Self-identification)
၂) သမိုင်းအတွေ့အကြုံမျှဝေမှု (Shared History)
၃) ယဉ်ကျေးမှုနှင့် အမှတ်အသားများ (Culture & Symbols)
၄) နယ်မြေ သို့မဟုတ် နယ်မြေဆိုင်ရာ ခံယူချက် (Territory)
၅) အနာဂတ်ကို အတူတူ ဆောက်ချင်တဲ့ စိတ်ဓာတ် (Common Political Will)
ဒါကြောင့် Nation ကို နိုင်ငံရေးအရ ခိုင်မာစေဖို့ အရေးကြီးပါတယ်။ လူမျိုးနဲ့ လူမျိုးစုက မတူညီပါဘူး။
ဒီနေရာ လူမျိုးစုသတ်မှတ်ချက်ကိုလဲ ဖော်ပြချင်ပါသေးတယ်။ အများသဘောတူလက်ခံတဲ့ လူမျိုးစု (Ethnic Group) တစ်ခုသတ်မှတ်ချက်တွေကတော့
၁) မျိုးရိုးသွေးစည်း (Common Ancestry)
၂) ဘာသာစကား (Language)
၃) ယဉ်ကျေးမှုနှင့် ရိုးရာအလေ့အထများ (Culture & Traditions)
၄) သမိုင်းနှင့် အတွေ့အကြုံမျှဝေမှု (Shared History)
၅) ကိုယ်တိုင်အသိအမှတ်ပြုမှု (Self-identification)
၆) အပြင်ဘက်က အသိအမှတ်ပြုမှု (External Recognition)
၇) နေရပ်ဒေသဆိုင်ရာ ဆက်နွယ်မှု (Territory – အချို့ကိစ္စများ) ဒါကြောင့် လူမျိုးစုဆိုတာ မျိုးရိုး + ဘာသာစကား + ယဉ်ကျေးမှု + သမိုင်း + ကိုယ်တိုင်အသိအမှတ်ပြုမှုတို့ ပေါင်းစည်းထားတဲ့ လူမှုအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။
အမျိုးသားတည်ဆောက်ရေး- Nation- Building မှာ နယ်နိမိတ်ကန့်သတ်ချက်မရှိပါဘူး။ State Building မှာသာ နယ်နိမိတ်သတ်မှတ်ချက်ရှိပါတယ်။ ဒါကို ကွဲပြားပိုင်းခြားတတ်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် Chin Nation – Building စကားစုကို အဓိပ္ပါယ်ဖွင့်ဆိုရာမယ် ချင်းအမျိုးသားတည်ဆောက်ရေးအနေနဲ့ပြောရရင် ဘာသာစကားအုပ်စု၊ ယဥ်ကျေးမှု၊ ဓလေ့၊ အသားအရောင်၊ ကိုးကွယ်ယုံကြည်မှုတူစုများရဲ့ အကျိုးစီးပွားကို အတူတကွတည်ဆောက် ကာကွယ်ခြင်းလို့ ဖွင့်ဆိုခြင်းဖြစ်ပါတယ်။ ချင်းလူမျိုး မျိုးစုံကို “တစ်မျိုးတည်းသော Nation” အဖြစ် စုပေါင်းအသိ အမြင်ရှိလာအောင် တည်ဆောက်ခြင်း ဖြစ်ပါတယ်။
အဓိက ဆောင်ရွက်ရမယ့် အချက်များကတော့
၁) အမျိုးသားအသိအမြင် (Chin National Consciousness) တည်ဆောက်ခြင်း
အရေးကြီးဆုံးပါ။
– Chin identity ကို ဦးစားပေးခြင်း
၂) မျိုးခွဲစိတ်ခြင်းကို လျှော့ချပြီး စည်းလုံးညီညွတ်မှု တည်ဆောက်ခြင်း
– Unity in diversity (ကွဲပြားမှုထဲက စည်းလုံးမှု)
၃) ဘာသာစကားနှင့် ယဉ်ကျေးမှု ထိန်းသိမ်း–တိုးတက်ရေး
– ယဉ်ကျေးမှုက Nation ရဲ့ အမြစ် ပါ
၄) သမိုင်းကို ကိုယ့်အမြင်နဲ့ ပြန်ရေးသားခြင်း
– Shared history = Shared identity
၅) နိုင်ငံရေးအမြင် တစ်စုတစ်စည်းတည်း ဖြစ်အောင်လုပ်ခြင်း
– ချင်းအမျိုးသားရေးဆိုတာ Nation တစ်ခုမှာ အနာဂတ်ကို အတူတူ သွားမယ်ဆိုတဲ့ ဆန္ဒ လိုအပ်
၆) ပညာရေးနှင့် လူငယ် အခန်းကဏ္ဍ
– လူငယ်မပါရင် Nation မတည်ဆောက်နိုင်။ လူငယ် = အနာဂတ် Nation
၇) အခြားလူမျိုးများနှင့် ပူးပေါင်းနိုင်မှု
– ပိတ်ထားတဲ့ အမျိုးသားရေး မဖြစ်အောင် သတိထား။
ချင်းအမျိုးသားတည်ဆောက်ရေး ဆိုတာ
– စည်းလုံးညီညွတ်မှု
– ကိုယ်တိုင်အသိအမြင်
– ယဉ်ကျေးမှု–သမိုင်း
– အနာဂတ်နိုင်ငံရေးပန်းတိုင်
တွေကို လူထုအခြေပြု၊ လူငယ်အခြေပြု နဲ့ တည်ဆောက်ခြင်း ဖြစ်ပါတယ်။
တဆက်တည်း State-Building ကိုလဲ အနည်းငယ် ထပ်ဖြည့်ချင်ပါတယ်။ State-Building (နိုင်ငံတည်ဆောက်ရေး) ဆိုတာ -နိုင်ငံတစ်နိုင်ငံကို လုပ်ဆောင်နိုင်တဲ့ အစိုးရစနစ်၊ ဥပဒေစိုးမိုးမှု၊ အဖွဲ့အစည်းများ၊ လုံခြုံရေး၊ စီးပွားရေးစနစ် တွေကို တည်ထောင်ပြီး ခိုင်မာအောင် တည်ဆောက်တဲ့ လုပ်ငန်းစဉ်ကို ပြောတာဖြစ်ပါတယ်။
၁။ State-Building ရဲ့ အဓိက အစိတ်အပိုင်းများကတော့
(၁) အစိုးရစနစ် (Government Capacity)
လုပ်ဆောင်နိုင်တဲ့ အစိုးရ
(၂) ဥပဒေစိုးမိုးမှု (Rule of Law)
(၃) လုံခြုံရေး (Security)
(၄) အဖွဲ့အစည်းများ (Institutions)
(၅) စီးပွားရေးအခြေခံ (Economic Foundation)
– Nation မရှိဘဲ State တည်ဆောက်လို့ရပေမယ့်လည်း State မခိုင်မာဘဲ Nation ကို ကာကွယ်လို့ မရပါဘူး။
Nation မရှိဘဲ State ကို တည်ဆောက်လို့ ရပါတယ်။
ဒါပေမဲ့ ရေရှည် မခိုင်မာဘူး ဆိုတာကို နားလည်ရပါမယ်။
-Colonial States – လူမျိုးတစ်ခု မဖြစ်သေးခင် အုပ်ချုပ်ရေးအရ နိုင်ငံဖြစ်ခဲ့။
-Soviet Union (အစောပိုင်း) – အိုင်ဒီအိုလိုဂျီအပေါ် အခြေခံထားတဲ့ State။
-အာဏာရှင်နိုင်ငံများ – Nation မခိုင်သေးပေမဲ့ State စနစ်ရှိ။
Nation မရှိရင် —
(၁) Legitimation မရှိ
(၂) Coercion အပေါ်မူတည်
(၃) Crisis ဖြစ်လာရင် ပြိုကွဲလွယ်
(၄) Ethnic Conflict ပေါ်ပေါက်ခြင်းတွေ ဖြစ်စေပါတယ်။
အမျိုးသားရေးတည်ဆောက်ရာမှာ စိန်ခေါ်မှုများ ကြုံတွေ့ရတတ်တယ်။ တဦးချင်း၊ မိသားစု၊ လူမျိုးစု၊ လူမျိုး၊ နိုင်ငံအထိ ဆင့်ကဲတဆင့်ချင်း အကျိုးစီးပွားတူညီ၊ ခိုင်မာတဲ့အာမခံချက်၊ အကာအကွယ်ပေးမှု၊ ပံ့ပိုးကူညီမှု၊ လွတ်လပ်ခြင်းတို့နဲ့ ဆက်နွယ်တယ်။ ဒါကို ယုံကြည်မှုတည်ဆောက်တယ်လို့ခေါ်ပါတယ်။ ဒီအရာတွေ ကွာဟချက်ကြီးမားရင်၊ ပိတ်ပင် တားဆီးရင်၊ ဖိနှပ်ရင်၊ ဖျက်ဆီးရင် ပဋိပက္ခတွေ ဖြစ်ပေါ်လာတယ်။ ဒါကို ယုံကြည်မှု ပြိုကွဲခြင်းလို့ ခေါ်တယ်။ ဒီအရာ တွေကို ထိန်းညှိ၊ ဖြေရှင်းရတာ နိုင်ငံရေး- Politics လို့ ခေါ်တယ်။ နိုင်ငံရေးရဲ့ အဓိကအသက်သွေးကြောဟာ မူဝါဒနဲ့ စနစ်ပဲ။ ဘာနဲ့ ညှိရမလဲဆိုရင် စည်းရုံးရေး- Organizing နဲ့ ညှိရမယ်။ အကောင်းဆုံးစည်းရုံးရေးဆိုတာ အကျိုး စီးပွားကို လက်တွေ့လုပ်ဆောင်ပေးခြင်းပါပဲ။ စည်းရုံးနိုင်ဖို့ဆိုရင်သက်ဆိုင်ရာ လူပုဂ္ဂိုလ်နဲ့ မိသားစုလူမျိုးစုအသီးသီးရဲ့ လူမှုသဘော သဘာဝနဲ့ လိုအင်ဆန္ဒတွေကို သဘောပေါက်နားလည်ပြီး လက်ခံပေးနိုင်မှရမယ်။ ဒါကြောင့် အကျိုးစီးပွား နဲ့ယုံ ကြည်မှုဟာ ဆက်နွယ်နေတာ တွေ့ရလိမ့်မယ်။
အမျိုးသားရေးတည်ဆောက်ရာမှာ မဖြစ်မနေကြုံတွေ့ရမယ့် အတားအဆီးတွေနဲ့ ဖြေရှင်းရမယ့် အဓိက စိန်ခေါ်မှုတွေကတော့
– မူဝါဒနဲ့ စနစ်
– စည်းရုံးရေး
– ခေါင်းဆောင်မှုတည်ဆောက်ခြင်း
– အပြန်အလှန်အသိအမှတ်ပြုခြင်း
– ခေတ်ဟောင်းနဲ့ မျိုးဆက်သစ် အယူအဆကွာဟချက်
– ပုဂ္ဂိုလ်ရေးလွန်ဆွဲခြင်း
– ကိုယ်စားပြုမှု
– တတ်သိပညာရှင်အရင်းအမြစ်
– အိမ်နီးချင်းဆက်ဆံရေး
– စိုးရိမှုလွန်ကဲခြင်းတို့ပါပဲ။
လူမျိုး၊ ဘာသာစကားနဲ့ ကိုးကွယ်ယုံကြည်မှု ကွဲပြားခြားနားချက်တွေက Nation- Building အပေါ် အကျိုးသက် ရောက်မှုကြီးမားတတ်လဲ သတိထားရပါလိမ့်မယ်။ လူအဖွဲ့အစည်းဆိုတာ ယုံကြည်ကိုးကွယ်မှုတူတဲ့အုပ်စု၊ ဘာသာ စကားတူညီတဲ့အုပ်စု၊ ယဥ်ကျေးမှုတူတဲ့ အုပ်စု၊ မူဝါဒ တူညီတဲ့အုပ်စုနဲ့ လိင်တူတဲ့ စုဖွဲ့ထားတာကို သဘော ပေါက်ဖို့ လိုတယ်။ ဒီ အုပ်စုတွေကပဲ ကမ္ဘာ ကို မောင်းနှင်နေတာပါ။ အဲဒီအစုအဖွဲ့၊ အုပ်စုရဲ့ သဘောသဘာဝကို သဘောပေါက် နားလည်ပြီး အသိအမှတ်ပြု၊ တန်ဖိုးထားလေးစားဖို့၊ အကာအကွယ်ပြုခြင်းဟာအမျိုးသားတည်ဆောက်ရေးရဲ့ အသက် သွေးကြောပဲ။ မိသားစု၊ လူမျိုးကို မချစ်တဲ့သူမရှိပါဘူး။ ဘာသာစကားကို လူတိုင်းမြတ်နိုးကြတယ်။ ကိုးကွယ်ယုံကြည် မှုကို တန်ဖိုးထားကြတယ် ။ ကိုယ်အလေးအနက်ထားတာ၊ လေးစားတာ၊ တန်ဖိုးထားတာ၊ ချစ်နှစ်သက်မြတ်နိုးတာကို အကာအကွယ်ပေးချင်ကြတာ လူ့သဘာဝပဲ။ အမျိုးသားတည်ဆောက်ရေးဆိုတာ လူမျိုးတခု လူ သားတွေနဲ့ သက်ဆိုင်တဲ့ အရာမှန်သမျှ ( ဘာသာစကား၊ ယဥ်ကျေးမှု၊ ကိုးကွယ်မှု စသဖြင့်) ကာကွယ်တာ၊ တည် ဆောက်တာ၊ တိုးတက်အောင်လုပ်တာပဲ။ ဒါတွေကို အသိအမှတ်မပြု၊ အလေးမထား၊ တန်ဖိုးမထားပဲ ဖျက်ဆီးတာ၊ ပိတ်ပင်တား ဆီးတာ လုပ်ရင် တည်ဆောက်ရေးမဟုတ်တော့ဘူး။ ဒါတွေကို သဘောပေါက်နား လည်လက်ခံပြီး မတူကွဲပြားခြင်း တွေစုပြီး တည်ဆောက်ရမှာ။ အမျိုးသားတည် ဆောက်ရေးလုပ်တယ်ဆိုတာ ဒါကို တည်ဆောက်တာပဲ။ မတည် ဆောက်ရင် အမျိုးသားတည်ဆောက်ရေးဆိုတာ အလကားပဲ။ တည်ဆောက်နိုင်ဖို့ ဒါတွေကို အလေးနက်ထား အသိမှတ်ပြုလက်ခံရလိမ့်မယ်။ Nation-Building ဆိုတာ မတူကွဲပြားခြင်းတွေနဲ့ နီးစပ်ရာတွေကို စုစည်းတည် ဆောက်တာပဲ။ မတူကွဲပြားခြင်းဟာ ပြဿနာမဟုတ်ပါဘူး။ အကျိုးစီးပွားဖျက်ဆီးခြင်းကသာ ပြဿနာပါ။ အကျိုး စီးပွားပျက်ရင် ယုံကြည်မှုပျက်ပါတယ်။ ဒီအရာကသာ ပြဿနာဖြစ်ပါတယ်။ Nation -Building ရဲ့ အရေးကြီးတဲ့ အချက် တစ်ချက်ကတော့ Nation- Building ဆိုတာ အမိန့်ပေးလို့ မရပါ။ အချိန်၊ ယုံကြည်မှုနဲ့ ပါဝင်မှု လိုအပ်ပါတယ်။
Nation-Building ကို Process အနေနဲ့ ကြည့်ရင် အခုချင်းလူမျိုးတွေရဲ့ အနေအထားက ဘယ်အဆင့်မှာ ရှိနေသလဲ ဆိုတာ သိထားဖို့ လိုပါတယ်။ ဒီနေရာမှာ Nation Building Process ကို အရင် သိထားဖို့လိုအပ်ပါတယ်။
Nation-Building Process ရဲ့ အဓိကအဆင့်တွေကတော့
(၁) Identity Formation – အမျိုးသားအမှတ်အသား တည်ဆောက်ခြင်း။
(၂) Shared Values & Vision – တန်ဖိုးတူညီမှု ဖန်တီးခြင်း။
(၃) Social Integration – လူမှုရေးပေါင်းစည်းခြင်း။
(၄) Political Inclusion – နိုင်ငံရေးပါဝင်ခွင့်။
(၅) Institution Building – အဖွဲ့အစည်းတည်ဆောက်ခြင်း။
(၆) Economic Equity – စီးပွားရေးမျှတမှု
(၇) Conflict Resolution & Reconciliation – အတိတ်အနာ ပြုပြင်ခြင်းတို့ပါဝင်ပါတယ်။
ဗြိတိသျှကိုလိုနီမတိုင်ခင် Chin Nation Building စနစ်တကျမရှိခဲ့ဖူးပါ။ မစုစည်းခဲ့ဖူးပါ။ လွတ်လပ်ရေးပြီးမှလဲ မရှိခဲ့ ဖူးပါ။ ခိုင်မာတဲ့ State Building လဲ ယနေ့အထိ မတည်ဆောက်နိုင်သေးပါဘူး။ State Building အနေနဲ့ ပြောရရင် ၃ နိုင်ငံကွဲထွက်ရတယ်။ ပြည်တွင်းမှာလဲ မကွေး၊ စစ်ကိုင်း၊ ရခိုင်၊ ချင်းပြည်မှာ ထပ်ကွဲပါတယ်။ ကျန်တဲ့ လက်ရှိ ချင်းပြည် မြေပုံနဲ့ State Building တည်ဆောက်နေကြရတယ်။ ကျေနပ်နေစရာဟုတ်သလား တွေးရမယ်။ ဒါဟာ စစ်မှန်တဲ့ အမျိုးသားတည်ဆောက်ရေးမဟုတ်သလို ချင်းပြည်တည်ဆောက်ရေးမဟုတ်ဘူး။ လက်ရှိ ချင်းပြည်မြေပုံနဲ့ ချင်းပြည် တည်ဆောက်ရေးနဲ့ ချင်းအမျိုးသားတည်ဆောက်ရေးလုပ်နေရင် ဒါဟာ ရူးသွပ် မိုက်မဲခြင်းပဲ။ အမျိုးသားပိုင်နက် မြေပုံအတိအကျ သတ်မှတ်ရေးဆွဲနိုင်ရမယ်။ ရေးဆွဲ ရဲရမယ်။ အမျိုးသားနိုင်ငံရေးမြေပုံ ရေးဆွဲရဲရမယ်။ တဆင့်ချင်း တက်ရမယ်။ လက်ရှိ ချင်း Nation Building ဟာ ပြိုကွဲနေသလို State Building လဲ ပြိုကွဲနေတယ် ။ ဘယ် Building ကို အရင်တည်ဆောက်ရမလဲဆိုတာ ချင်း ခေါင်းဆောင်တွေ သဘောမပေါက်ဘူးဖြစ်နေသလိုပဲ။ ဝေဝါးထွေပြား နေကြတဲ့ ပုံပဲ။ ကျွန်တော်မျှော်မှန်းတဲ့ ချင်းအမျိုးသားတည်ဆောက်ရေး၊ ချင်းပြည် မြေပုံကို အခုထိ ဘယ်သူမှ မချပြရဲကြသေးဘူး။ ဒါကြောင့် အချက်အလက်တွေ၊ ဒီအိုရီတွေ၊ အိုင်ဒီသြလော်ဂျီတွေနဲ့ တိုက်ဆိုင်ကြည့်ရင် ချင်း Nation Building နဲ့ State Building ဟာ အခြေခံအဆင့်က မတက်သေးဘူးလို့ ပြောချင်တယ်။ လက်ရှိ ချင်းပြည် မြေပုံကို အခြေခံပြီး ချင်းအမျိုးသားတည်ဆောက်ရေး၊ ချင်းပြည်တည်ဆောက်ရေးပြောရင် လက်မခံဘူး။
Mizo တွေဟာ အမျိုးသားတည်ဆောက်ရေးနဲ့ State Building မှာ ဒုတိယအဆင့်မှာ ရှိနေကြပြီ။ နိုင်ငံတည်ထောင် တဲ့အဆင့်ဆိုရင် State Building တတိယအဆင့်ပေါ့လေ။ အမျိုးသားနိုင်ငံဆိုပါတော့။ ဒါပေမယ့် အမျိုးသားတည် ဆောက်ရေး တတိယအဆင့် ဖြစ်ချင်မှ ဖြစ်မယ်။ Nation Building က နယ်နိမိတ်မှ မရှိပဲကိုး။
Nation-Building ဖော်ဆောင်ရာမှာ Political Institution တွေရဲ့ အခန်းကဏ္ဍ ကို စဥ်းစားရပါမယ်။ Nation-Building မှာ Political Institutions (နိုင်ငံရေးအဖွဲ့အစည်းများ) က အခြေခံအုတ်မြစ် ဖြစ်ပါတယ်။
Political Institution ရဲ့ အဓိက အခန်းကဏ္ဍတွေကို ဖော်ပြရရင်
၁။ Legitimacy (အာဏာ၏ တရားဝင်မှု) တည်ဆောက်ပေးခြင်း
Political Institutions တွေက အာဏာဘယ်ကလာသလဲ?
ဘယ်သူကိုယ်စားပြုသလဲ? ကို ပြသပေးပါတယ်။
၂။ Shared Rules & Laws (တူညီတဲ့ စည်းမျဉ်းများ) ဖန်တီးခြင်း။
Political Institutions တွေက—
ဥပဒေများရေးဆွဲတယ်။ တရားမျှတစွာ အကောင်အထည်ဖော်တယ်။ လူတိုင်းကို ညီမျှစွာ သက်ရောက်စေတယ်။
၃။ Diversity ကို စုစည်းပေးခြင်း (Unity in Diversity)
Multi-ethnic society တွေမှာ
Political Institutions မရှိရင် လူမျိုးလိုက် အာဏာပြိုင်ပြီး ဒေသလိုက် ခွဲခြားမှု ဖြစ်လာနိုင်ပါတယ်။
မတူကွဲပြားမှုတွေကို အင်အားအဖြစ် ပြောင်းပေးနိုင်ခြင်းဟာ Nation-Building ရဲ့ ရင်းမြစ်ဖြစ်ပါတယ်။
၄။ Conflict ကို Institution ထဲမှာ ဖြေရှင်းပေးခြင်း
“သွေးမြေမကျဘဲ ပြဿနာ ဖြေရှင်းနိုင်တယ်”ဆိုတဲ့ ယဉ်ကျေးမှုကို တည်ဆောက်ပါတယ်။
၅။ Participation (ပြည်သူပါဝင်မှု) ကို ဖွင့်ပေးခြင်း
ပြည်သူကို နိုင်ငံရေးရဲ့ ပိုင်ရှင် ဖြစ်လာစေပါတယ်။
၆။ Leadership & Vision ကို တည်ဆောက်ပေးခြင်း
Nation တစ်ခုမှာ ရည်မှန်းချက် (Vision) မရှိရင် မရှင်သန်ပါဘူး။
Hero-based Nation မဟုတ်ဘဲ
System-based Nation ဖြစ်လာစေပါတယ်။
၇။ Long-Term Stability (တည်ငြိမ်မှုရှည်လျား) ပေးခြင်း
Political Institutions က အာဏာလွှဲ ပြောင်းမှုကို ငြိမ်းချမ်းစေတယ်။ မျိုးဆက်ပြောင်းလဲနေရင်လဲ နိုင်ငံကို မပျက်စေဘူး။ Crisis ကို ခံနိုင်ရည်ရှိစေတယ်။ လူမရှိတော့လည်း Nation ရှိနေတဲ့အခြေ အနေကို ဖန်တီးပါတယ်။
အမျိုးသားနိုင်ငံရေးနဲ့ပါတီနိုင်ငံရေးမှာ သူ့အချိန်နဲ့သူ လုပ်တတ်ဖို့လိုတယ်။ဒီလိုအချိန် အခါအလိုက် လုပ်တတ်မှ ရမယ်။
ပါတီနိုင်ငံရေးဟာ ပါတီအာဏာရရှိရေးသာ ဦးတည်တယ်။ အမျိုးသားရေးမဟုတ်တော့ဘူး။ ဟုတ်ရင်တောင် ၃၀ ရာနှုန်းထက်မပိုဘူး။ ယနေ့အထိ ချင်းပုဂ္ဂိုလ်တွေ၊ ချင်းပါ တီတွေ၊ ပါတီနိုင်ငံရေးသမားတွေက ချင်း အမျိုးသား တည်ဆောက်ရေးအတွက် လုပ်နိုင်တဲ့ သမိုင်းအထောက်အထား မတွေ့ရသေးဘူး။ အမျိုးသားနိုင်ငံရေးသမားတွေက ပါတီနိုင်ငံရေးသမားတွေကို လွှမ်းမိုးနိုင်ဖို့အရေးကြီးတယ်။ ပါတီနိုင်ငံရေးသမားတွေကို Cell တခုအနေနဲ့ မြင်ပြီး ကျရာနေ ရာ၊ အံဝင်တဲ့နေရာမှာ အသုံးချနိုင်ရမယ်။ ၂ ခုစလုံးက တွဲလိုက်ခွာလိုက် ကစားတတ်ရမယ်။ ဘောလုံးကစား သလိုပေါ့လေ။ ခက်တာက ချင်းတွေမှာ ပါတီရော အမျိုးသားရေးရော ခိုင်မာတဲ့ Institution အုတ်မြစ် မချနိုင်သေးဘူး။ ရှင်းလင်းပြတ်သားတဲ့ ဦးတည်ချက်၊ မျှော်မှန်းချက် Focus မရှိဘူး။ Chin Nation and State Building ဖော်ဆောင် ရာမှာ ချင်း Political Institution တွေရဲ့ အခန်းကဏ္ဍဟာ အင်မတန် အားနည်းနေတာ တွေ့ရတယ်။ ဒါကလဲ ခေတ် အဆက်ဆက် အာဏာရှင်တွေရဲ့ နည်းမျိုးစုံ အဟန့်အတားပြုခြင်းကြောင့် ဖြစ်နိုင်ပါတယ်။
လက်ရှိ တော်လှန်ရေးကာလအတွင်း ချင်းလူ့အဖွဲ့အစည်းမှာ တည်ရှိနေတဲ့ Political Institutions-CPI တွေရဲ့ အခြေ အနေကို ထည့်တွက်ရပါမယ်။ Nation-Building အောင် မြင်ဖို့ ဘယ်အတိုင်းအတာအထိ အထောက် အကူပြုနိုင်တဲ့ အနေအထားမှာ ရှိနေကြသလဲဆိုတာ အရေးကြီးတယ်။ CPI တွေဟာ ပရမ်းပတာဖြစ်နေတယ်။ ရှုပ်ထွေးနေတယ်။ ဝေဝါးနေတယ်။ ရှင်း လင်းပြတ်သားခြင်းမရှိဘူး။ ဒါကြောင့် ပြည်သူလူထုက အမြင်မရှင်းဘူး။ မမြင်တာပေါ့လေ။ ရှင်းလင်းမြင်သာအောင် လုပ်ရမှာက ခေါင်းဆောင်တွေတာဝန်။ မလုပ်ကြဘူး။ ပြဿနာချည်းဖြစ်နေတယ်။ အမှန်တော့ ဒီပြဿနာတွေကို ကျေးဇူးတင်ရမှာ။ ပြဿနာက မီးမောင်းထိုးပြထားပြီးသားပဲ။ အဲဒီပြဿနာက အဖြေပဲ။ အဲဒီပြဿနာကို အမှန်တကယ် မြင်တွေ့ရင် အဲဒီပြဿနာနဲ့ တည်ဆောက်နိုင်ရမယ်။ ပြဿနာက အ ထောက်အကူ အပြုဆုံးပဲ။ အဲဒီပြဿနာက ချင်းအမျိုးသားတည်ဆောက်ရေးရဲ့အ သက်သွေးကြောပဲလို့တောင် ပြောရမလို ဖြစ်နေပါတယ်။ Nation သဘောသဘာဝ၊ Ethnic သဘောသဘာဝ၊ Region သဘောသဘာဝ၊ Local သဘော သဘာဝတွေ သဘောပေါက်ပုံ၊ နားလည်ပုံ၊ ခံယူပုံ၊ ယူဆပုံ၊ လက်ခံပုံမတူညီကြတဲ့ ပြဿနာက Nation Building ကို အဟန့်အတားဖြစ်စေတယ်။ မြို့နယ်အခြေခံရေး၊ လူမျိုးစုအခြေခံရေးနဲ့ CNF ကို ဗဟိုပြုရေးနဲ့ပဲ တိုင်ပတ်နေကြတယ်။ အကောင်းဖက်က ပြောရရင် ဒေသတိုင်း၊ လူမျိုးစုတိုင်းမှာ Political Institution တွေသူ့အတိုင်းအတာနဲ့သူ အဆင် သင့်တည်ဆောက်ထားကြတယ်။ တကယ့် အခြေခံကောင်းပါပဲ။ ဒီလို တည်ဆောက်ပြီးသား Institution တွေကို စုစည်းပြီး Nation Political Institution အဖြင့် ပြောင်းလဲ တည်ဆောက်နိုင်ဖို့သာ လိုအပ်တယ်။ တည်ဆောက်ချင် စိတ် စိတ်စေတနာလဲ ရှိဖို့လိုတယ်။ သတ္တိရှိဖို့လိုတယ် ။ လက်ခံနိုင်ဖို့လိုတယ်။ အခြေခံကောင်းတွေရှိနေပြီ။ မျှော်လင့် ချက်ထားလို့ရပြီ။ စုစည်းနိုင်မယ့် နေရာဗဟိုချက်တခုတည်ဆောက်ဖို့သာ လိုနေတယ်လို့ မြင်တယ်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကလည်း Nation- Building အပေါ် ကြီးလှပါတယ်။ လူသားတွေရဲ့ လူတန်းစား ၂ ခုပြဿနာက ယနေ့အထိပဲ။ နောင်လဲ ရှိနေအုံးမှာပဲ။ ဘာကြောင့်လဲဆိုတော့ တဦးချင်းအကျိုးစီးပွားကနေ လူမျိုး အကျိုးစီးပွားအထိ၊ အုပ်စုအထိ ဆက်နွယ်နေလို့ပဲ။ ချမ်းသာနေရင်၊ ငြိမ်း ချမ်းနေရင်၊ ဖွံ့ဖြိုးတိုးတက်နေရင်၊ အကာ အကွယ်ပေးနေရင်၊ လုံခြုံနေရင် ပဋိပက္ခပြဿနာရှိမလား။ ရှိရင်တောင် နည်းပါးလိမ့်မယ်။ မြင့်မားတိုးတက်တဲ့ လူနေမှု၊ လူမှုအဖွဲ့အစည်း၊ ယဥ်ကျေးနေတဲ့ လူမှုအဖွဲ့အစည်းနဲ့ လူမျိုးကို ဘယ်အရာက ပြိုကွဲစေတာလဲ။ ဖွံ့ဖြိုးမှုနောက်ကျပြီး ဆင်းရဲတဲ့ ဒေသမှာ ဘယ်အဏာက လူမှုအဖွဲ့အစည်း (Society) နဲ့ လူမျိုးကို ပြိုကွဲစေတာလဲ။ ဘယ်အရာက တည် ဆောက်စေပြီး ဘယ်ပရာက ပြိုကွဲစေသလဲဆိုတာ သဘောပေါက်နားလည်ဖို့ အရေးကြီးဆုံးပါပဲ။ ပဋိပက္ခအသွင် သဏ္ဍာန်ကို သဘောပေါက်ရမယ်။ လူမှုရေးလား၊ ဘာသာရေးလား၊ လူမျိုးရေးလား၊ စီးပွားရေးလား၊ စာပေအနု ပညာလား၊ ယဥ်ကျေးမှုလား၊ အုပ်ချုပ်ရေးလား၊ နယ်မြေအရေးလား၊ လူမှုရေးလား။ ပဋိပက္ခ အသွင်အပြင်တွေ မတူသလို ဖြေရှင်းပုံ ချည်းကပ်ပုံလဲ တူလို့မရဘူး။ ရောထွေးနေလို့လဲ မရဘူး။ ပဋိပက္ခကို ခွဲခြမ်းစိတ်ဖြာတတ်ရမယ်။ ဆက်နွယ်ပုံလဲ စိစစ်တတ်ရမယ်။ ဘာကြောင့်ဖြစ်ပွားတာလဲ။ အမျိုး သားတည်ဆောက်ရေးလုပ်တယ်ဆိုတာ လူတဦး ချင်း လုံခြုံရေး၊ ဖွံ့ဖြူးရေးစတဲ့ အရာတွေကို ကာကွယ်တည်ဆောက်ပေးရတာပဲ။ လူမှုဘဝတိုးတက်ဖို့၊ ဖွံ့ဖြိုးဖို့ပဲ။ ဒေသချင်း မတူဘူး။ သယံဇာတထွက်ပြီးဖွံ့ဖြိုးတဲ့ဒေသရှိတယ်။ မထွက်တဲ့ဒေသရှိတယ်။ နယ်စပ်ကုန်သွယ်ရေး အချက်အခြာကျတဲ့နေရာ၊ ချောင်ကျိုကြားနေရာ၊ ဆင်းရဲမွဲတေနေတဲ့နေရာအလိုက် လူနေမှုမတူတော့ဘူး။ မတူတော့ တွေးတောပုံ၊ ခံစားပုံ၊ အမြင်သဘောထား ကွဲပြားသွားရတယ်။ ဒီလိုကွဲပြားပုံအရ အမျိုးသားတည်ဆောက်ရေးအပေါ် စိတ်သဘောထားမတူတော့ဘူး။အကျိုးဆက်မတူတော့ဘူး။ ဒါကြောင့် သက်ဆိုင်ရာဒေသရဲ့ စီးပွားတိုးတက်နှုန်း အခြေအနေ၊ လူမျိုးတွေရဲ့ ဓလေ့ယဥ်ကျေးမှု၊ ကိုးကွယ်မှု၊ လူမှုဘဝအနေအထားအရကြည့်ပြီး စည်းရုံးရေး တည် ဆောက်ပုံ ကွဲပြားခြားနားတယ်။ စိတ်ပါဝင်စားပုံ၊ ခံစားပုံ ခြားနားတယ်။ ဒါကြောင့် ခွဲခြားခြင်းမရှိ တပြေးညီ ဖြစ်အောင် လုပ်နိုင်မှ အမျိုးသားတည်ဆောက်ရေးရေရှည်တည်တံ့ခိုင်မြဲနိုင်လိမ့်မယ်။
Nation-Building ဖော်ဆောင်ရာမှာ ပညာရေးရဲ့ အခန်းကဏ္ဍကို မဖြစ်မနေ ထည့်သွင်းစဥ်းစားရမယ်။ လူမျိုး၊ နိုင်ငံ တည်ဆောက်ရေးမှာ ပညာရေးက သိပ်အရေးပါတဲ့ အခန်းကဏ္ဍမှာပါတယ်။ ပညာဆိုတာ အမှားအမှန် ဝေဖန်ပိုင်း ခြားတတ်ခြင်းလို့လဲ ဖွင့်ဆိုတယ်။ ပညာဖွင့်ဆိုချက်တွေက ပညာရေးစိတ်ပညာမှာတော့ အများကြီးပေါ့လေ။ အတတ်ပညာပိုင်းရှိမယ်၊ အသိပညာပိုင်းရှိမယ်။ လက်တွေ့အသုံးချဖို့က အဓိကပဲ။ သူ့နေရာနဲ့သာ အသုံးချတတ်ဖို့ လိုတယ် ။ယနေ့ တော်လှန်ရေးအဖွဲ့အစည်းမှာတောင် တတ်သိပညာရှင်တွေအများစု ထောက်ခံအားပေးဝန်းရံရင် ယုံကြည်မှု၊ လေးစားမှု၊ အထင်ကြီးမှုစတဲ့ ဂုဏ်တွေရကြတာပဲ။ လူမျိုးတခုကို တည်ဆောက်ရာမှာ တတ်သိပညာရှင် တွေ သိပ်လိုတာပေါ့။ ဒီအရာထက်တော့ ကောင်းမွန်တဲ့ အဆင့်မြင့်ပြီး လက်တွေ့ကျတဲ့ ပညာ ရေးစနစ်ကို ဖော်ဆောင်ဖို့က အရေးကြီးဆုံးပဲ။ အဲဒီပညာ ရေးစနစ်မှာ လူမျိုးနဲ့ တိုင်းပြည်ရဲ့ အနာဂတ်ရှိတယ်။ လူမျိုးနဲ့တိုင်း ပြည်ရဲ့ ရှင်သန်ရေးအသက် သွေးကြောပဲ။ တတ်သိပညာ ရှင်( စစ်ရေး၊ နိုင်ငံရေး၊ လူမှု၊ သိပ္ပံ၊ နည်းပညာ၊ သဘာဝ၊ စီးပွားရေး) မရှိရင် တည် ဆောက်လို့မရဘူး။ ကောင်းမွန်တဲ့ ပညာရေးစနစ်မရှိရင် တတ်သိပညာရှင်တွေ မရှိနိုင်ဘူး။ Formal Education နဲ့ Informal Education ကို သဟဇာတဖြစ်အောင် ထိန်းညှိနိုင်ဖို့လိုတယ်။ လက်ရှိ တော်လှန်ရေး ကာလမျိုးမှာ Informal Education ကို အားသွန်ခွန်စိုက်ဖို့လိုတယ်။
Chin Nation-Building အတွက် ယခု တော်လှန်ရေးကာလမှာ စည်းရုံးရေးအင် အား၊ ကာကွယ်ရေးအင်အားနဲ့ ဘဏ္ဍာ ရေးအင်အားကို ဦးစားပေးအဖြစ် အဓိကဦးတည်ပြီး တည်ဆောက်ရမှာဖြစ်သလို ရေ ရှည်လုပ်ငန်းစဉ်အဖြစ် အမျိုးသားလူဦးရေအရင်းအမြစ်ပြဿနာကို ဖြေရှင်းရလိမ့်မယ်။ ဒီမှာ ကာကွယ်ရေးအင်အား၊ လုပ် သားအင်အား၊ စျေးကွက်အင်အားရှိတယ်။ လူမျိုးတခုမှာ အခြေခံအရေးကြီးဆုံးက ဒါပဲ။ ဘုံစကား သတ်မှတ်နိုင်ရေး ဟာလဲ ရေရှည်ဆောင်ရွက်ရမယ့် လုပ်ငန်းဖြစ်ပါတယ်။
ဒါကြောင့် အမျိုးသားတည်ဆောက်ရေးကို တကယ်စိတ်စေတနာရှိရှိ ဆောင်ရွက်ချင်ရင်၊ တည်ဆောက်ချင်ရင် ကာရံညီမှ ကဗျာအနှစ်သာရရှိသလို ကာရံညှိတတ်ဖို့ အင်မတန်လိုအပ်တယ်လို့ ထင်မြင်ယူဆမိကြောင်းပါ။
ဝန်ခံချက်။ ဒီအတွေးအမြင်ဆောင်းပါးရေးသားရာမှာ Internet/Social Media မှ ဖတ်မှတ်ပြီး ကိုးကားထားပါတယ်။ BL. Khaisa(Mara)

