ချင်းပြည်နယ် မတူပီမြို့နယ်တွင် ကားလမ်းပိတ်ထားမှုကြောင့် ပြည်မဘက်မှ ဆန်ဝင်ရောက်နိုင်ခြင်းမရှိပဲ စားနပ်ရိက္ခာပြတ်လပ်ကာ မြို့ခံပြည်သူအများစု စားဝတ်နေရေးအကြပ်အတည်းနှင့် ရင်ဆိုင်နေကြရသည်ဟု သိရသည်။ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားသော မတူပီမြို့တွင် စစ်ကောင်စီဘက်က ပြည်မဘက်နှင့်ဆက်သွယ်သော မတူပီ-ဂန့်ဂေါ၊ မတူပီ-မင်းတပ် ကားလမ်းများ လနှင့်ချီပိတ်ထားသောကြောင့် ကုန်တင်ကား အဝင်အထွက်မရှိတော့ပဲ စားနပ်ရိက္ခာများ ပြတ်လပ်လာခြင်းဖြစ်ကြောင်း မတူပီမြို့ခံတစ်ဦးက ပြောသည်။ “အရင်ကတည်းက ကားတွေကအဝင်အထွက်ပိတ်ထားတယ်။ မြေပြင်အခြေအနေက တအားကိုဆိုးတာဆိုတော့ ထွက်ခွင့်မပြုတာ ခနခနဖြစ်တော့ စားသောက်ကုန်တွေကပြတ်တယ်လေ။ စားသောက်ကုန်တွေက ဟိုဖက်သောင်တင်လိုက်၊ ဒီဖက်သောင်တင်လိုက်နဲ့ မတူပီမရောက်နိုင်တော့ ပြတ်တာ။ ပုံမှန် မဖြစ်တဲ့အခါကျတော့ ဝယ်စရာမရှိတဲ့အခြေ အနေမျိုးဖြစ်တယ်။ လောလောဆယ် ချွေတာပြီးတော့ စားရတဲ့အခြေအနေပေါ့။” ဟု မတူပီမြို့ခံက ပြောသည်။ ယခုကဲ့သို့ အခြေအနေကြောင့် မတူပီမြို့ရှိ ဆန်ဆိုင်များ တွင်လည်း ဆန်ဝယ်ယူရန်ပင်မရှိသည့် အနေအထားမှာရှိနေပြီး ကျေးရွာဘက်မှဝင်ရောက်လာသည့် ဆန်ကိုသာအဓိကအားထားနေရသည်ဟုသိရသည်။ “ကားတွေတော့ အများကြီးတက်လာတယ်လို့သိရပေမယ့် ဟိုဖက်ကတားလိုက် ဒီဖက်ကတားလိုက်နဲ့ မြို့ထဲကို မဝင်သေးဘူး သောင်တင်နေတာနဲ့ အရင်တုန်းကပေါ်ဆန်းတအိတ်ကို ၃ သောင်းတန်ကို အခုက ၁သိန်းနဲ့တောင် ဝယ်လို့မရဘူး လောလောဆယ်က” ဟု မတူပီမြို့ခံတစ်ဦးကပြောသည်။ မတူပီမြို့ပေါ်တွင် ကုန်တင်ကားများ ဝင်ရောက်နိုင်ခြင်းမရှိပါက ပြည်သူများ ပိုမိုခက်ခဲလာမည်ဖြစ်သောကြောင့် ချင်းပြည်နယ် ဝန်ကြီးချုပ်ထံ ဖုန်းဆက်တင်ပြထားသည်ဟု ၎င်းက ဆက်ပြောသည်။ လက်ရှိ မတူပီမြို့တွင် ဆန်အပါအဝင် စားနပ်ရိက္ခာများ ပြတ်လပ်နေသော်လည်း စစ်ကောင်စီက ယနေ့ချိန်ထိ တစုံတရာ ဖြေရှင်းပေးခြင်းမျိုးမရှိကြောင်း သိရသည်။ ယင်းအခြေအနေကြောင့် မြို့တွင်းစပါးကျီရှိသူများနှင့် ယခင် ဆန်ကြိုတင်ဝယ်ယူစုဆောင်းထားကြသည့် ပြည်သူများသည် ပြန်လည်မျှဝေရောင်းချပေးမှုများရှိသည့်အပြင် မြို့ခံပြည်သူတချို့မှာ ဖနိုင်ရွာနှင့်…
Author: Editor
နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ကလေးမြို့တွင် အဦးဆုံးကျဆုံးခဲ့သည့် ကိုဇင်မျိုးမောင်ကျဆုံးခြင်း ၂ နှစ် ပြည့် အောက်မေ့ခြင်းအစီအစဉ် အထိမ်းအမှတ်နှင့်အတူ ဗိုလ်ချုပ်လမ်းမထက်ပေါ်မှ လူထုပျောက်ကြားသပိတ်ကို ကလေးမြို့ ပင်မသပိတ်အင်အားစုများမှ မတ်လ ၃ ရက်နေ့က ပြုလုပ်ခဲ့သည်ဟု သိရသည်။ မတ်လ ၃ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ကိုဇင်မျိုးမောင် သေနတ်ကျည်ထိမှန်သည့်နေရာတွင် နှင်းဆီပန်းချဂုဏ်ပြုခြင်း၊ ဖယောင်းတိုင်ထွန်းအောက်မေ့ခြင်းဖြစ် အစီအစဉ်ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ အဆိုပါ ဂုဏ်ပြုမှတ်တမ်းတွင် “လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုအတွက်ရဲရဲနီးသွေးအသက်ပေးခဲ့တဲ့ နွေးဦးသူရဲကောင်း ဇင်မျိုးမောင်ရေ (၂) နှစ်ပြည့်ခဲ့ပြီ မင်းလျှောက်ခဲ့တဲ့ဓမ္မလမ်း ဘယ်လောက်ကြမ်းပါစေ ငါတို့ဆက်လျှောက်နေတယ် တရားသောစစ်မုချအောင်ရမယ်။ ငါတို့အားလုံးကတိပေးတယ်နော်” ဟု ရေးသားဖော်ပြထားသည်။ ကလေးမြို့ပင်မသပိတ်အင်အားစုသည် ယနေ့အထိ ပျက်ရက်မရှိ စစ်အာဏာရှင်စနစ်ကို သပိတ်မှောက်ခဲ့သည့်ရက်ပေါင်း (၇၅၅) ရက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။ ကလေးမြို့သပိတ်အင်အားစုမှ မိဘပြည်သူများအနေဖြင့် “စစ်အာဏာရှင်၏ ခေတ်အဆက်ဆက် ဖိနှိပ်ချုပ်ချယ်မှုများအား၊ အပြီးတိုင်ချုပ်ငြိမ်းသွားစေရန် ငြိမ်ခံမနေဘဲ လမ်းမပေါ်သို့တက်ကာ အလံနှင့်အသံကြားရာအရပ်မှ ပူးပေါင်းပါဝင်ကြရန် အလေးအနက် တိုက်တွန်းထားသည်။ မတ်လ ၃ ရက်နေ့ မနက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကလေးမြို့၊ နေကြာတိုက်အနောက်ဘက် တာဟန်း ဘုန်းကြီးကျောင်းလမ်းထောင့်အပြင် ပြည်သူများ၏ ခြံဝန်းအတွင်းထိ ကင်းပုန်းများချထားမှုပြုလုပ်ခဲ့ကြသည်။ မတ်လ ၂ ရက်နေ့ကလည်း ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက် နယ်မြေ (၆) ဆည်မြောင်းနှင့် ရေအသုံးချရေး စီမံခန့်ခွဲရေးဦးစီးဌာနရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ဆိုင်ကယ်အတူစီးလာသည့် အမျိုးသားတဦး ပွဲချင်းသေဆုံးခဲ့ပြီး တဦးမှာ ခြေထောက်တွင် သေနတ်ဒဏ်ရာရရှိခဲ့သည်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် စစ်ကောင်စီတပ်က ဆိုင်ကယ်စီးလာနေသော အမျိုးသားနှစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် တစ်ဦး ပွဲချင်းပြီးသေဆုံးပြီး နောက်တစ်ဦးမှာ ဒါဏ်ရာရှိခဲ့ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။ မတ်လ ၂ ရက်နေ့ မနက် ၁၁ နာရီကျော်ခန့်က တောင်ဇလပ်ရပ်ကွက်၊ ဆည်မြောင်းရုံးရှေ့တွင် ဆိုင်ကယ်တစ်စီးဖြင့် ဖြတ်လာသည့် အမျိုးသားနှစ်ဦးအား ၎င်းရုံးတွင် တပ်ဆွဲနေသော စစ်ကောင်စီတပ်သားများက အနောက်ကနေ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ “ဆိုက်ကယ်နောက်ကတစ်ယောက်က သေနတ်မှန်တော့ အူတေထွက်ပြီး ပွဲချင်းပြီးသေဆုံးတာပေါ့နော်၊ ဆိုင်ကယ်မောင်းတဲ့သူကတော့ ခြေထောက်ဒါဏ်ရာရပြီး ထွက်ပြေးသွားတယ်” ဟု မျက်မြင်တစ်ဦးက ပြောသည်။ ပစ်ခတ်မှုဖြစ်ပွါးပြီးနောက် ကလေးမြို့တွင် စစ်ကောင်စီတပ်သားများမှ လမ်းသွားလမ်းလာများကို စစ်ဆေးရေးတင်းကြပ်နေကြောင်း သိရသည်။ ကလေးမြို့တွင် ဆိုင်ကယ်တစ်စီး ယောကျားလေးနှစ်ယောက် အတူမစီးရဟု တရားဝင်ထုတ်ပြန်ထားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်သားများက အရင်ဆုံး စစ်ဆေးမေးမြန်မှုမရှိဘဲ ပစ်ခတ်လေ့ရှိကြောင့် အရပ်သားပြည်သူလည်း သေဆုံးမှု မကြာခဏဖြစ်ပွားလေ့ရှိသည်။
ချင်းပြည်နယ်၊ ဟားခါးထာရ်ရပ်ကွက်တွင် အသက် ၃၀ အရွယ်ခန့် အမျိုးသမီးတစ်ဦး မတ်လ ၁ ရက်နေ့က မြေမြုပ်မိုင်းနင်းမိ၍ ဘယ်ဘက်ခြေထောက် ဖြတ်လိုက်ရသည်ဟု ဒေသခံများထံမှ သိရသည်။ ယမန်နေ့ မတ် ၁ ရက် မွန်းလွဲပိုင်း ၂ နာရီခွဲ ဝန်းကျင်တွင် Khusilobo ဟု အမည်ရသော ဟားခါးမြို့ လွတ်လပ်ရေးကျောက်တိုင်အနီးတွင် အမျိုးသမီး ၃ ဦး တောင်ယာမှ အပြန်လမ်းတွင် မြေမြုပ်မိုင်းနင်းမိခြင်းဖြစ်ပြီး ကျန်နှစ်ဦးမှာ ထိခိုက်ခြင်းမရှိကြောင်း သိရသည်။ မိုင်းထိသွားသော အမျိုးသမီးသည် ဟားခါးပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။ ဟားခါးထာရ် နေရာတစ်ဝိုက်သည် အဓိက အာလူးဖြစ်ထွန်းသည့်နေရာဖြစ်ပြီး အဆိုပါ မိုင်းပေါက်ကွဲသည့်နေရာသည် ဒေသခံများတောင်ယာသွားလေ့ရှိသည့် လမ်းဖြစ်သည်။ ယခုနောက်ပိုင်းတွင် စစ်ကောင်စီတပ်များကျင်လည်ပြီး တခြားနေရာသို့ လက်နက်ကြီး ပစ်ခတ်လေ့ရှိသည့် နေရာဖြစ်သည်ဟု ဟားခါးဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “နေ့တိုင်လိုလို စစ်သားတွေက ဆုတောင်းတောင် လက်ဝါးကပ်တိုင်ဘေးကနေ နေရာယူတယ် အဲဒီကနေ ထန်တလန်ဘက်ကို ခဏခဏပစ်ခတ်ကြတာ၊ သူတို့ လက်နက်ကြီးပစ်လိုက်ပြီဆို အဲမှာ ဖုန်တေထတာ မြင်ရတယ်” ဟု သူကပြောသည်။ ဟားခါးထာရ် ခရိုင်မီးသတ်နှင့် NLD ရုံးတွင်လည်း စစ်ကောင်စီတပ်သားများ နေ့တိုင်းလိုလိုရှိနေကြသည်ဟု သူက ဆက်ပြောသည်။ ဟားခါးမြို့တဝိုက်တွင် မိုင်းမတော်တဆမှုကြောင့် ထိခိုက်မှု မကြာခဏကြားနေရပြီး၊ ဖေဖော်ဝါရီ ၁၉ ရက်နေ့ကလည်း ဟားခါးမြို့အနီး ဟားခါး-ဂန့်ဂေါ်လမ်းတွင် အသက် ၆၀ နှစ်ခန့်ရှိသော သက်ကြီးပိုင်းတစ်ဦး ထင်းရှာထွက်ရင်း မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ဆုံးရှုံးခဲ့ပြီးဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့က ချင်းပြည်နယ်မှာ ဇန်နဝါရီ နဲ့ ဖေဖော်ဝါရီ ၂ လအတွင်းမှာ လေကြောင်းကနေ အကြိမ် ၁၀၀ ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး CNF က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဟာ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ ရက်ပေါင်း ၅၀ ကျော်အတွင်း ချင်းပြည်နယ်မှာ တိုက်လေယာဉ်နဲ့ စစ်ရဟတ်ယာဉ်တို့ဖြင့် အနည်းဆုံး ၁၁၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ ဘုန်းကြီးကျောင်းအပါအဝင် ပြည်သူနေအိမ်များစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ချင်းအမျိုးသားတပ်ဦး CNF သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ထုတ်ပြန်ခဲ့ပါတယ်။ ဇန်နဝါရီလအတွင်း ချင်းပြည်နယ် ထန်တလန်မြို့နယ်ထဲမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂၆ ကြိမ်၊ မင်းတပ်မြို့နယ်ထဲမှာ ၁၂ ကြိမ်နဲ့ မတူပီမြို့နယ်ထဲမှာ ၂ ကြိမ် စုစုပေါင်း အကြိမ် ၄၀ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီလထဲမှာတော့ ထန်တလန်မြို့တစ်ခုတည်းမှာ စစ်ကောင်စီကလေကြောင်းတိုက်မှု ၇၅ ကြိမ် ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီလ ၁၆ ရက်နဲ့ ၂၅ ရက်နေ့ ၂ ရက်တည်းမှာတင် လေကြောင်းတိုက်ခိုက်မှု ၃၄ ကြိမ် ပြုလုပ်ခဲ့တယ်လို့ CNF ထုတ်ပြန်ချက်မှာ ဖောပြပါတယ်။ နှစ်လအတွင်း စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုမှာ ထန်တလန်မြို့တွင်းကလွဲပြီး ကျန်တဲ့နေရာတွေဟာ စစ်ဘေးရှောင်နဲ့ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေဖြစ်ကြတယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ် အမ်လောင်းကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သော လက်နက်ကြီး နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် မိသားစုဝင် ၃ ဦးနဲ့ CDF-Mindat ရဲဘော် ၁ ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ မင်းတပ်မြို့အခြေစိုက် ခလရ (၂၇၄) တပ်ရင်းကနေ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က တိုက်နယ်အမှတ် (၄) ဘက်ကို လက်နက်ကြီးပစ်ခတ်ကာ အမ်လောင်းကျေးရွာက နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲမှုကြောင့် အိမ်ရှင်လင်မယားနဲ့ သူတို့သားလေးအပါအဝင် CDF-Mindat ရဲဘော်တစ်ဦးတို့ ကျဆုံးခဲ့တာလို့ CDF-Mindat တပ်ဖွဲ့က ဦးဆောင်သူတစ်ဦးက ပြောပါတယ်။ “အမ်လောင်းရွာမှာ စစ်ဘေးရှောင်ကိစ္စတွေဆွေးနွေးကြတာပေါ့နော စုဝေးနေကြတဲ့အချိန်ပေါ့လေ အဲဒီ CDF ရဲဘော်တစ်ယောက်ကလည်းရောက်နေတာပေါ့နော် သူက အုပ်ချုပ်ရေးပိုင်း စစ်ဘေးရှောင်ပိုင်းကို ကူပါတယ် သူလည်းအဲဒီမှာရှိနေတယ် ရွာကလူတွေလည်းအဲဒီမှာစုစည်းကြတယ် စစ်ဘေးရှောင်ဒေတာတွေကောက်တာရော၊ ရပ်ထဲရွာထဲကဟာတွေကော ဆွေးနွေးကြတာပေါ့ အဲဒီဆွေးနွေးနေတဲ့အိမ်ပေါ်ကိုပေါ့နော လက်နက်ကြီး ကျတာပေါ့လေ စကစ ၂၇၄ က လှမ်းပစ်တဲ့ဟာဝစ်ဇာ လက်နက်ကြီးကျပြီး အိမ်ရှင်လင်မယားရယ် သူ့သားလေးရယ် အဲဒီရဲဘော်ရယ် ကျဆုံးခဲ့တာပါ” လို့ CDF-Mindat ဦးဆောင်သူတစ်ဦးက ပြောပါတယ်။ အဆိုပါ စစ်ကောင်စီလက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ကလေးငယ် ၂ ဦးနဲ့ အခြားဒေသခံ ၂ ဦးတို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့သိရပါတယ်။ လက်နက်ကြီးကျည်ထိမှန်ပြီး ကျဆုံးခဲ့ရသော CDF-Mindat ရဲဘော်မှာ ဆလိုင်းဘီလီအောင်ထန်းဖြစ်ပြီး ယခင် စစ်အာဏာမသိမ်းခင်က မင်းတပ်မြို့မှာ ခရစ်ယာန်သင်းအုပ်ဆရာ တစ်ဦးဖြစ်ပြီး အာဏသိမ်းပြီးနောက်ပိုင်းမှာ CDF-Mindat တပ်ထံ ဝင်ရောက်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ ခလရ (၂၇၄) တပ်ရင်းဟာ မင်းတပ်မြို့နယ်ထဲက…
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာဖြစ်ပွားတဲ့ Tilim Operation ရက်ပေါင်း ၆၀ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ဦး သေဆုံးခဲ့တယ်လို့ CDF-Thantlang က ထုတ်ပြန်ခဲ့ပါတယ်။ ချင်းအမျိုးသားတပ်မတော် CNA နဲ့ CDF-Thantlang ပူးပေါင်းတပ်ဖွဲ့ဟာ Tilim Operation လို့အမည်ပေးထားသော စစ်ဆင်ရေးကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့က စတင်ဖော်ဆောင်ခဲ့ကြပြီး ၂၀၂၃ ခုနှစ်ဖေဖော်ဝါရီ ၂၆ ရက်နေ့အထိ ရက်ပေါင်း ၆၀ အတွင်း စစ်ကောင်စီဘက်က စစ်သားနဲ့ ရဲတပ်သား ၂၀ ဦးသေဆုံးခဲ့ပြီး ၂၅ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကထုတ်ပြန်တဲ့ CDF-Thantlang တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ Tilim Operation စစ်ဆင်ရေးအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ သေနတ် ၅၀ ကျော်ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က သိမ်းဆည်းရမိသလို MI 17 Transport Helicopter ၂ စင်းရဲ့ အစိတ်အပိုင်းတချို့ကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ CDF-Thantlang က ဆိုပါတယ်။ ၂၀၂၃ ခုနှစ်၊ ဇန္နဝါရီ ၁ ရက်နေ့မှာ စစ်ကောင်စီတပ်သားနဲ့ ရဲတွေနေရာယူထားတဲ့ ရဲစခန်းအတွင်းရှိ အိမ်ငါးလုံးကိုမီးရှို့ ဖျက်ဆီးနိုင်ခဲ့ပြီး ဇန္နဝါရီ ၂ ရက်နေ့မှာ အိမ်နှစ်လုံး ထပ်မံဖျက်ဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ ထန်တလန်မြို့ CB Bank မှာ နေရာယူတပ်စွဲထားသော စစ်ကောင်စီတပ်သားနဲ့ ရဲ ၆ ဦးကို ဖမ်းဆီးခဲ့ပြီး သေနတ် ၈…
ချင်းပြည်နယ် ဟားခါးမြို့တွင် ယမန်နေ့မှစ၍ နိုင်ငံကူးလက်မှတ်များ ပြန်လည်လျှောက်နိုင်ပြီဖြစ်ကြောင်း သိရသည်။ ဟားခါးမြို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ရုံးတွင် လျှောက်ထားမည်ဆိုပါက တစ်ရက် ကြိုတင်လျှောက်လွှာယူရပြီး တစ်ရက်လျင် လူအယောက် တစ်ရာသာလက်ခံသည်ဟု နိုင်ငံကူးလက်မှတ်ပြုလုပ်သည့်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “လျှောက်လွှာ တစ်ရက်ကြိုဝယ်ရတယ်၊ ဘာလို့လဲဆိုတော့ လူများလို့ နေ့လယ်တစ်နာရီဆို ပြည့်သွားပြီ ခုဆို မနက်ဖြန်အတွက်လည်း ကုန်သွားပြီ၊ တစ်ဖက်ခါအတွက်ပဲ စရောင်းတယ်” ဟု သူကပြောသည်။ ယနေ့ ပါစ်ပို့ရုံးစဖွင့်တဲ့နေ့မှာ လျှောက်ထားသူ ၄၀၀ ကျော်ရှိပြီး တစ်ရက်တွင် အယောက်တစ်ရာသာ လူဦးရေအကန့်အသတ်ဖြင့် လက်ခံသောကြောင့် အများအပြား လှည့်ပြန်ခဲ့ရသည်ဟု ဟားခါးမြို့ ဒေသခံတစ်ဦးပြောသည်။ ဟားခါးမြို့ ပါတ်စ်ပို့ရုံးတွင် နိုင်ငံသားအမှတ် ၄ မျဉ်းစောင်းကိုင်ဆောင်သူများသာမက စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ တမူးမြို့နယ်နှင့် ဂန်ဂေါမြို့နယ်မှ နိုင်ငံသားအမှတ် ၅ မျဉ်းစောင်း ကိုင်စောင်သူများအနေဖြင့်လည်း ပစ်မှုကင်းရှင်းကြောင်းနှင့် အမှန်တကယ်နေထိုင်သူဖြစ်ကြောင်း ထောက်ခံစာဖြင့် လာရောက်လျှောက်ထားနိုင်သည်ဟု ပါတ်စ်ပ်ု့ရုံးမှ ဆရာတစ်ဦးက ပြောသည်။ နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင် ယခင်ကကျပ်ငွေ ၄ သောင်းကုန်ကျသော်လည်း ယခုအခါ တစ်သောင်းတိုးမြင့်လိုက်ပြီး ကျပ် ၅ သောင်းကုန်ကျသည်ဟု သိရသည်။ အာဏာသိမ်းစစ်ကောင်စီသည် တနိုင်ငံလုံးရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံးများကို ဇန်နဝါရီလဆန်းပိုင်းက ပိတ်ပင်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၄ ရက်နေ့ကစ၍ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးလာပြီး စီးပွားရေးအခက်အခဲများ ကြုံတွေ့လာရသည့်အတွက် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်သူနှင့် အိမ်နီးချင်းနိုင်ငံများတွင် ပညာဆက်လက်သင်ယူလိုသော ကျောင်းသားလူငယ်များ ပိုမိုများပြားလာနေသည်။
အိန္ဒိယနိုင်ငံအရှေ့မြောက်ဒေသ မဏိပူရ်ပြည်နယ် အင်ဖားမြို့အကျဉ်းထောင်ထဲတွင် ဖမ်ဆီးထိန်းသိမ်းခံနေရသော မြန်မာစစ်ဘေးရှောင်တစ်ဦးမှာ ဖေဖော်ဝါရီ ၂၅ ရက်နေ့ညက ရုတ်တရက် သေဆုံးခဲ့သည်ဟု သိရသည်။ သေဆုံးသူမှာ အသက် ၃၂ နှစ်အရွယ်ရှိ ဦး Lamkhochon Guite ဖြစ်ပြီး ၎င်းသည် တမူးမြို့နယ် ကွန်းတောင်းအုပ်စု၊ ဆရာစံကျေးရွာမှ မဏိပူရ်ပြည်နယ် မိုးရေးမြို့နယ် လန်ကျန်ကျေးရွာတွင် စစ်ဘေးတိမ်းရှောင်လာစဉ် ဖမ်းဆီးခံရ၍ အင်ဖားမြို့ Sajiwa ထောင်တွင် အခြားသော မြန်မာစစ်ဘေးရှောင် ၈၀ ကျော်နှင့်အတူ ထိန်းသိမ်းခံနေရသူဖြစ်သည်။ ၎င်းသည် ဖေဖော်ဝါရီ ၂၅ ရက်နေ့ည သန်းခေါင်ယံအချိန်တွင် ရုတ်တရက်နှလုံးရပ်ပြီး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု Burma Refugee Kabaw Valley မှ နာယက ဦးထန်ဆေးက ပြောသည်။ “နှလုံးရောဂါအခံရှိတာလား ဘာလားတော့ မသိဘူး၊ ရုတ်တရက်ကြီး အော်ပြီးတော့မှ လူးလိမ့်ပြီးတော့မှ၊ ကြည့်လိုက်တော့ နှလုံးရပ်သွားတယ်၊ ထိန်းသိမ်းရေးစခန်းမှာလည်း သိပ်အဆင်မပြေဘူး။ နေရေးထိုင်ရေးခက်ခဲတယ်။ နောက်ပြီးတော့မှ စားဝတ်နေရေး၊ အစားသောက်ကအစ အခက်ခဲတွေရှိတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေ မရှိဘူး” ဟု ဦးထန်ဆေးက ပြောသည်။ ထို့အပြင် အသက် ၇၀ ကျော်အရွယ် အဘိုးအို ၃ ဦးတို့မှာလည်း ကျန်းမာရေးအခြေနေမကောင်းသောကြောင့် အင်ဖားဆေးရုံသို့ ပို့ဆောင်ကာ ကုသမှုခံယူနေရသည်ဟု သိရသည်။ “အဲ့မှာ အသက်ကြီးတဲ့ ၇၀ ကျော်သုံးယောက်ကိုလည်းပဲ ဆေးရုံကို သွားပြီးတော့မှ ဆေးကုသဖို့ပို့လိုက်တယ်လို့ကြားတယ်၊ ဒါပေမယ့်လည်း ကောင်းကောင်းမွန်မွန်မကုပေးဘူး၊ အဲ့လိုနဲ့ ထိန်းသိမ်းရေးစခန်းကို ပြန်ပို့တယ်။ ဒီ မဏိပူရ်အစိုးရရဲ့ လုပ်ရပ်တွေက လူ့အခွင့်ရေး မတရား…
ချင်းပြည်နယ် ထန်တလန်မြို့တွင် ဖေဖော်ဝါရီ ၂၅ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားကာ ချင်းကာကွယ်ရေးဘက်က ရဲဘော် ၂ ဦး ကျဆုံးခဲ့သည်ဟု သိရသည်။ ယင်းနေ့တိုက်ပွဲတွင် ချင်းအမျိုးသားတပ်မတော် CNA ရဲဘော် Salai Zakhariah နှင့် CDF ရဲဘော် Salai Lian Bawi Ceu တို့ ကျဆုံးခဲ့သည်ဟု ချင်းကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဆိုသည်။ ထန်တလန်မြို့တိုက်ပွဲတွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် ဟားခါးဘက်ကနေလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် လေကြောင်း၊ ကုန်းကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲအခြေအနေများ တနေ့ထက်တနေ့ ပိုမိုပြင်းထန်လာနေသည်ဟု သိရသည်။
