(006SV)
ကန်ပက်လက်မြို့နယ်အတွင်း ချင်းညီနောင်နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသော မည်သည့်နိုင်ငံရေးနှင့် လက်နက်ကိုင်အဖွဲ့အစည်းကိုမျှ လက်မခံကြောင်း ကန်ပက်လက်မြို့နယ် ကောင်စီအဖွဲ့ကထုတ်ပြန်သည်။
ဩဂုတ်လ ၂၉ ရက်မှ ၃၁ ရက်အထိ တတိယအကြိမ်မြောက် ကန်ပက်လက်မြို့နယ်လုံးဆိုင်ရာ ပြည်သူ့ညီလာခံကို ကျင်းပပြုလုပ်ခဲ့ရာတွင် ထိုကဲ့သို့ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်ကြောင်း ကန်ပက်လက်မြို့နယ်ကောင်စီနှင့် CDF – ကန်ပက်လက်တို့က စက်တင်ဘာလ ၃ ရက်မှာ ထုတ်ပြန်သည်။
တော်လှန်ရေးဆိုင်ရာစစ်ရေးကိစ္စရပ်များကို ချင်းညီနောင် (CB) နှင့် ပူးပေါင်းပြီး မဟာမိတ်များနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးဆိုင်ရာကိစ္စရပ်များတွင် ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) နှင့် ပူးပေါင်း ရပ်တည်သွားမည်ဟု ယင်းညီလာခံက ဆုံးဖြတ်ခဲ့သည်။
CB ၊ ICNCC တို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိသည့် မည်သည့်နိုင်ငံရေးနှင့် လက်နက်ကိုင်အဖွဲ့အစည်းကိုမျှ ကန်ပက်လက်မြို့နယ်အတွင်း လက်မခံရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ယင်းညီလာခံ၏ ဆုံးဖြတ်ချက်များကို ဖောက်ဖျက်ကျူးလွန်သူရှိလျှင် လိုအပ်သည့် အရေးယူဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဟု သိရသည်။
စစ်အာဏာရှင်တော်လှန်ရေးတွင် ပိုမိုစနစ်ကျနိုင်ရေးအတွက် တပ်ဖွဲ့စည်းမှုပုံစံကို စစ်ဦးစီးချုပ်စနစ်ဖြင့် ပြောင်းလဲဖွဲ့စည်းပြီး တော်လှန်ရေးအရှိန်အဟုန်ကို မြှင့်တင်သွားမည်ဟု ကန်ပက်လက်မြို့နယ် ကောင်စီအဖွဲ့က ဆိုသည်။
လက်ရှိကျင်းပသည့် ကန်ပက်လက်ပြည်သူ့ညီလာခံတွင် နိုင်ငံရေးကဏ္ဍနှင့် စစ်ရေးကဏ္ဍများတွင် အပြောင်းအလဲများပြုလုပ်ထားပြီး ကန်ပက်လက်မြို့နယ် တော်လှန်ရေးအင်အားစုထံ ဆက်သွယ်မေးမြန်း၍ မရသေးပေ။
ညီလာခံကို ကန်ပက်လက်မြို့နယ်ကောင်စီနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ကန်ပက်လက်မြို့နယ်ရှိ မျိုးနွယ်စု ကိုယ်စားလှယ်များ၊ ဒေသကိုယ်စားလှယ်များ၊ CDF – ကန်ပက်လက်မှ တာဝန်ရှိသူများနှင့် ပါဝင်သင့်ပါဝင်ထိုက်သောပုဂ္ဂိုလ်များ စုစုပေါင်း ၈၉ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကန်ပက်လက်မြို့နယ်တွင် ICNCC နှင့် CB ကို ထောက်ခံသည့် ကန်ပက်လက်မြို့နယ်ကောင်စီအဖွဲ့အပြင် ချင်းပြည်ကောင်စီ (CC) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည့် Kanpetlet Council အဖွဲ့လည်းရှိနေကြောင်း သိရသည်။