ငြိမ်းချမ်စွာ ဆွေးနွေးအဖြေရှာနိုင်ခြင်းက နွေဦးတော်လှန်ရေးအင်အားစုများအတွက် စံပြုထိုက်ဟု NUG ဆို
(006SV)
ချင်းတော်လှန်ရေးအင်အားစု ၂ ခုဖြစ်သည့် ချင်းလဲန်းကောင်စီ (CC) နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) တို့ ချင်းအမျိုးသားညီညွတ်ရေး သဘောတူညီချက်များ ရရှိခဲ့ခြင်းကို အမျိုးသားညီညွတ်ရေးအစိုးရ – NUG က ကြိုဆိုဂုဏ်ပြုကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်မှာ ထုတ်ပြန်သည်။
ဖေဖော်ဝါရီလ ၂၆ ရက်နေ့က မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာ မီဇိုရမ် ပြည်နယ်ဝန်ကြီးချုပ် ပူးလာလ်ဒိုအောမ်မာ ဦးဆောင် သော ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့၏ ဦးဆောင်မှုဖြင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ချင်းအင်အာစုများ ပြန်လည်ပေါင်းစည်းရန် သဘောတူညီချက် ရရှိခြင်းဖြစ်သည်။
ချင်းအမျိုးသားနိုင်ငံရေး ဦးဆောင်အဖွဲ့များဖြစ်သည့် CC နှင့် ICNCC တို့အကြား သဘောတူညီချက်များ ရယူနိုင်ခဲ့ပြီး ချင်းပြည်သူ တရပ်လုံးကို လွှမ်းခြုံကိုယ်စားပြုမည့် “ချင်းအမျိုးသားကောင်စီ” ဟူသော ကောင်စီတရပ် တည်ထောင်ရန် သဘောတူညီမှု ရရှိခဲ့ခြင်းအပေါ် NUG အစိုးရက လှိုက်လှဲဝမ်းမြောက်စွာ ကြိုဆိုဂုဏ်ပြုပါကြောင်း ထုတ်ပြန်သည်။

ချင်းအမျိုးသားဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ရေးဆွဲရေးအဖွဲ့ကို ဖွဲ့စည်းရန် သဘောတူညီခြင်းမှာ ချင်းအမျိုးသားတစ်ရပ်လုံးနှင့် အနာဂတ်ပြည်ထောင်စုအတွက် ဝမ်းမြောက်ဖွယ်ဖြစ်ပါသည်ဟု NUG အစိုးရက ဆိုသည်။
ချင်းနှစ်ဖွဲ့အကြား အယူအဆ၊ သဘောထားကွဲလွဲမှုများ ရှိခဲ့သော်လည်း ငြိမ်းချမ်းစွာ ဆွေးနွေးညှိနှိုင်း အဖြေရှာနိုင်ခြင်းသည် ချင်းနိုင်ငံရေး ဦးဆောင် ၂ ဖွဲ့၏ နိုင်ငံရေး သဘောထားကြီးမှုကို နွေဦးတော်လှန်ရေး အင်အားစုများအတွက် ဒီမိုကရေစီ အလေ့အကျင့်ကောင်းအဖြစ် စံပြုထိုက်ဖွယ်ဖြစ်သည်ဟု NUG က ထုတ်ပြန်သည်။
စစ်အာဏာရှင်စနစ် တော်လှန်ရေးတွင် တော်လှန်ရေး အင်အားစုများအကြား၊ လူမျိုးစုများအကြား နားလည်ယုံကြည်မှု၊ သဘောထားကြီးမှုနဲ့ စုစည်းညီညွတ်မှုများ ခိုင်မာစွာ တည်ရှိနေရန် လိုအပ်သည်ဟု NUG က သတိပေးသည်။
ချင်းပြည်သူများအတွက် တရားမျှတမှု၊ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ ကွဲပြားစုံလင်မှု စသည့်တို့ကို အခြေခံသည့် ချင်းအမျိုး သားဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ရေးဆွဲပြီး အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်နိုင်သည့် တိုင်အောင် အတူတကွ ချီတည်ကြမည်ဟု NUG အစိုးရ ထုတ်ပြန်သည်။

နွေဦးတော်လှန်ရေးတွင် ခုခံတော်လှန်စစ်အားကောင်းခဲ့သော ချင်းပြည်မှာ နိုင်ငံရေးသဘောထားကွဲလွဲမှု များကြောင့် ချင်းအမျိုးသားတပ်ဦး CNF ဦးဆောင်သော ချင်းပြည်ကောင်စီ နှင့် ချင်းညီနောင်အဖွဲ့ ပါဝင်သော ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီဟူ၍ ၂၀၂၃ ခုနှစ်က ကွဲသွားခဲ့သည်။
ချင်းတော်လှန်ရေးမှာ နှစ်ခြမ်းကွဲမှုကြောင့် အချင်းချင်းကြား စစ်ရေးပွတ်တိုက်မှုများ ရှိနေသည့်အပြင် ချင်းပြည်တော်လှန်ရေး သည် အောင်မြင်သင့်သလောက် မအောင်မြင်ပဲ အဟန့်အတားများ ဖြစ်စေခဲ့သည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။