(006SV)
ချင်းပြည်နယ်၊ တွန်းဇံမြို့တွင် CDF – တွန်းဇံက CDM ပြုလုပ်ထားသော ဝန်ထမ်း ၅ ဦး၏ နေအိမ်များကို ချိတ်ပိတ်ထားပြီး CDM များ၏ မိသားစုဝင်တချို့ကိုလည်း ဖမ်းဆီး၍ ကျပ်သိန်းရာချီတောင်းခံမှုများ ပြုလုပ်နေကြောင်း တွန်းဇံမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် တွန်းဇံမြို့နယ် CDM ကော်မတီကသတင်းထုတ်ပြန်သည်။
တွန်းဇံမြို့သိမ်းတိုက်ပွဲအပြီးတွင် မြို့ကို ထိန်းချုပ်စိုးမိုးထားသော CDF – တွန်းဇံ တပ်ရင်း ၁ သည် မြို့ပေါ် လူနေအိမ်များကို ချိတ်ပိတ်မှုများ လုပ်ဆောင်ရာတွင် CDM ဝန်ထမ်း ၅ ဦး၏ နေအိမ်များလည်း ပါဝင်နေကြောင်း တွန်းဇံမြို့ပအဖနှင့် CDM ကော်မတီက ယနေ့ ဩဂုတ်လ ၁၅ ရက်မှာ ထုတ်ပြန်သည်။
အာဏာရှင်တော်လှန်ရေးတွင် ခိုင်ခိုင်မာမာရပ်တည်သည့် ဌာနဝန်ထမ်း CDM ၅ ဦး၏ နေအိမ်များ ချိတ်ပိတ်ခံရမှုကို စိစစ်တွေ့ရှိသောကြောင့် လုံးဝလက်မခံနိုင်ကြောင်း တွန်းဇံမြို့နယ် CDM ကော်မတီက ဆိုသည်။
ချိတ်ပိတ်ခံရသည့် အိမ်များမှာ မိသားစုဝင် တစ်ဦးဦးမှ အခြားအဖွဲ့အစည်းကို အားပေးထောက်ပံ့သည် ဟူသော စွပ်စွဲ အကြောင်းပြချက်ဖြင့် CDF – တွန်းဇံက ချိတ်ပိတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းပြုမှုဆောင်ရွက်ချက်သည် ဒီမိုကရေစီတော်လှန်ရေးအတွက် အမဲစက်တစ်ခုဖြစ်၍ အမြန်ဆုံး ရပ်တန့်ရန် မြို့နယ်ပအဖနှင့် CDM ကော်မတီက တောင်းဆိုထားသည်။
တွန်းဇံမြို့ CDM များ၏ မိသားစုဝင်များကို ဖမ်းဆီးပြီး မိသားစုဝင်များထံမှ ကျပ်ငွေ သိန်း ၂၀၀ မှ ၃၀၀ တောင်းခံခြင်း ပြုလုပ် နေမှုများကိုလည်း ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မတရားသိမ်းထားသော နေအိမ်များကို ပိုင်ရှင်များထံ အမြန်ဆုံးပြန်လည် ပေးအပ်ရန် နှင့် CDM များအပေါ် ကျူးလွန်သော လုပ်ဆောင်ချက်မျာအတွက် တာဝန်ရှိသူများက ဒီမိုကရေစီ အနှစ်သာရများအတိုင်း တာဝန်ယူ တာဝန်ခံမှု အပြည့်အဝ ရှိရန် ထုတ်ပြန်တောင်းဆိုထားသည်။
ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ချင်းတော်လှန်ရေးတပ်ပေါင်းစုသည် တွန်းဇံမြို့သိမ်စစ်ဆင်ရေးကို မေလအတွင်းက ဖော်ဆောင်၍ တွန်းဇံမြို့နယ်အားလုံးကို သိမ်းပိုက်ထားသည်။
လက်ရှိတွင် CDF – တွန်းဇံ က တွန်းဇံမြို့နယ် အုပ်ချုပ်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း သိရသည်။
တွန်းဇံမြို့နယ်တွင် ZRA အဖွဲ့ဝင်နှင့် ၎င်းအဖွဲ့တို့ကို ထောက်ပံ့ကူညီသူများကို နေအိမ်ချိတ်ပိတ်မှုနှင့် ဖမ်းဆီးအပြစ်ပေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း CDF တွန်းဇံ၊ စစ်ဦးစီးချုပ် ဦးထန်ဆွန်းမုန်က ခိုနူမ်းသုန်နှင့် ဇူလိုင်လက သီးသန့်အင်တာဗျူးမှာ ဖြေကြားထားသည်။