(006SV)
အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်တော်လှန်နေသည့် ချင်းပြည်နယ်အလယ်ပိုင်း၊ လောက်တူဒေသက CDF – Lautu တပ်ဖွဲ့ ဖွဲ့စည်းတည်ထောင်မှု ၅ နှစ်ပြည့် အခမ်းအနားကို ယမန်နေ့က ကျင်းပသည်ဟု သိရသည်။
မေလ ၅ ရက်က လောက်တူဒေသ၊ Camp 21 မှာ CDF – လောက်တူ ဖွဲ့စည်းတည်ထောင်ခြင်း ၅ နှစ်ပြည့် အခမ်းအနားကို ကျင်းပခဲ့ခြင်းဖြစ်ပြီး ဒေသအဆင့် တာဝန်ရှိသူများ၊ ကျဆုံးရဲဘော် မိသားစုများနှင့် CDF – Lautu အရာရှိများ၊ အုပ်ချုပ်ရေးမှူးများနှင့် လူငယ်အဖွဲ့များ တက်ရောက်သည်ဟု သိရသည်။
လက်ရှိ တော်လှန်ရေး ၅ နှစ်ရှိလာချိန်တွင် CDF – Lautu ကို တပ်တွင်း ပြန်လည်ပြုပြင်ရေး လုပ်ဆောင်နေပြီး တပ်အင်အားနှင့် လက်နက်နည်းပညာပိုင်းကို ပိုမိုဦးစာပေးကာ တည်ဆောက်နေသည်ဟု CDF – Lautu ၏ Defense Secretary နပိုလီယံက ပြောသည်။
“စကမဘက်က ၎င်းတို့ လက်လွှတ်ခဲ့ရတဲ့ မြို့တွေ ပြန်လည်ထိန်းချုပ်နိုင်ဖို့ အင်အားအလုံးအရင်းနဲ့ ချင်းပြည်ကို ပြန်လည်ထိုးစစ်ဆင်နေတာ တွေ့ရပါတယ်။ ကျနော်တို့ အသက်သွေးပေါင်းများစွာ ပေးဆပ်ပြီး ရယူထားတဲ့ စခန်းတွေ ပြန်လည် လက်မလွှတ်ရေးအတွက် တပ်အတွင်း ပြန်လည်ပြုပြင်ရေး လုပ်ဆောင်နေပြီး တပ်အင်အားနဲ့ လက်နက်နည်းပညာပိုင်း ကို ပိုမိုဦးစားပေးကာ တည်ဆောက်နေပါတယ်” ဟု နပိုလီယံက ပြောသည်။
ထို့အပြင် ချင်းပြည်မှာ လက်နက်ကိုင် တော်လှန်ရေးအုပ်စု နှစ်ဖွဲ့ ကွဲခြင်း၏ နောက်ဆက်တွဲအနေဖြင့် သိမ်းပိုက်ရရှိထားသော မြို့၊ စခန်းများကို စစ်ကောင်စီလက်ထဲ ပြန်ပေးရသည့် အနေအထားများကို သင်ခန်းစွာ ယူပြီး မညီညွတ်မှုမှသည် ချင်းလက်နက်ကိုင်အစုအဖွဲ့ အားလုံး ညီညွတ်မှု ရှိအောင် ကြိုပမ်းဆောင်ရွက်သွားရန် ရှိသည်ဟု CDF – Lautu ၏ Defense Secretary ထံမှ သိရသည်။
တော်လှန်ရေး ၅ နှစ်တာအတွင်း CDF – Lautu တပ်ဖွဲ့မှ ရဲဘော် ၁၅ ဦးတို့သည် ရေရွာစခန်းသိမ်းတိုက်ပွဲ၊ ထန်တလန်မြို့သိမ်းတိုက်ပွဲ၊ ဟားခါး- ထန်တလန်ကြား တိုက်ပွဲ၊ ဟံသာဝတီစစ်ဆင်ရေး၊ ဖလမ်းတိုက်ပွဲများတွင် ကျဆုံးရကြောင်း သိရသည်။
ရဲဘော်တချို့သည် လောက်တူနယ်ဒေသအတွင်း MDF နှင့် ၎င်း၏ မဟာမိတ်များနှင့် ထိတွေ့တိုက်ပွဲတွင် ကျဆုံးရသည်ဟု သိရသည်။
လောက်တူအင်အားစုများသည် စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်ရှိလာချိန်တွင် လောက်တူဒေသမှာ လောက်တူဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဖွဲ့စည်းပြီး ဒေသန္တရအုပ်ချုပ်ရေးနှင့် ပြည်သူ့ဝန်ဆောင်မှုများ ဆောင်ရွက်နေသည်ဟု သိရသည်။
လောက်တူဒေသသည် ချင်းပြည်နယ်က မတူပီမြို့နယ်၊ ဟားခါးမြို့နယ်နှင့် ထန်တလန်မြို့နယ်တို့အတွင်း တည်ရှိနေသည်ဟု သိရသည်။

