(006SV)
မကွေးတိုင်းအနောက်ဘက်ခြမ်းတွင် စစ်ရေးလှုပ်ရှားသည့် ချင်းကာကွယ်ရေးတပ် – အရှို၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၅) သင်တန်းဆင်းပွဲတွင် သင်တန်းဆင်း CDF ရဲဘော် ၃ ပုံ၏ ၁ ပုံခန့်သည် စစ်ဖိနပ်များ မရှိကြကြောင်း သိရသည်။
“သင်တန်းဆင်းပွဲမှာ လုံးဝသုံးလို့မရတော့ဘူး ပြတ်ထွက်သွားတာက သင်တန်းလူဦးရေရဲ့ သုံးပုံပုံရင် တစ်ပုံလောက်ရှိတယ်။ အဲပမာဏက ဖိနပ်မပါပဲ သင်တန်းဆင်းလိုက်ရတာပေါ့။ တချို့ ထိန်းပြီးစီးလို့ရတာလေးတွေ ပေါက်နေတာတွေ၊ ကြိုးတွေမကောင်းတော့တာတွေကို ထိန်းပြီး ဖာထေးစီးရတယ်။ စစ်ဆင်ရေးလှုပ်ရှားနေတဲ့ ရှေ့တန်းက ရဲဘော်တွေဆိုရင် ပွိုင့်ဖိနပ် မရှိကြတာတွေ တော်တော်များတယ်။ ကျနော်တို့ရဲ့ စစ်ဆင်ရေး လှုပ်ရှားနယ်မြေမှာပေါ့နော်” ဟု CDF- အရှိုမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။
စက်တင်ဘာလ ၃ ရက်က ချင်းကာကွယ်ရေးတပ် – အရှိုနှင့် လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway) တို့မှ ပူပေါင်း၍ ဖွင့်လှစ်သော ၃ လကြာ အခြေခံစစ်ပညာသင်တန်း၏ သင်တန်းဆင်းပွဲကို CDF – Asho နောက်တန်းဌာနချုပ်တွင် ပြုလုပ်ခဲ့သည်။
လတ်တလောတွင် ပွိုင့်ဖိနပ် အရံ ၁၀၀ မှာ အရေးပေါ်လိုအပ်နေပြီး တစ်ရံလျှင် ကျပ်သုံးသောင်းကျော်မှ လေးသောင်းအထိ ဈေးရှိကြောင်း၊ စစ်ကောင်စီသည် CDF – အရှို စစ်ရေးလှုပ်ရှားသော အနီးဝန်းကျင်က မြို့များတွင် ယင်းဖိနပ်များကို သယ်ယူရောင်းချခွင့် ပိတ်ထားသောကြောင့် ရဲဘော်များအတွက် ဖြည့်ဆည်းနိုင်ရန် ပိုခက်ခဲနေကြေင်း သိရသည်။
CDF ရဲဘော်များအတွက် ပွိုင့်ဖိနပ်များ ဝယ်ယူတပ်ဆင်ပေးနိုင်ရန်ပင် CDF- အရှိုတွင် ဘဏ္ဍာငွေကြေးခက်ခဲနေကြောင်း သိရသည်။
စစ်ဆင်ရေးများအတွက် လက်နက်ခဲယမ်းများ ဖြည့်တင်းနေရချိန်တွင် လေ့ကျင့်ရေးဌာနဘက်တွင် ဘတ်ဂျတ်များ မလောက်ငှဘဲ ဖြစ်နေပြီး စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် ရဲဘော်အသစ်များလည်း အများအပြားတိုးနေကြောင်း သိရသည်။
လာမည့် အပတ်စဉ် (၆) သင်တန်းအတွက်လည်း ရဲဘော်အသစ်များ ရောက်ရှိနေကြပြီး လူငယ်များနှင့် သက်ကြီးပိုင်းရဲဘော်များကို နောက်အပတ်စဉ်များသို့ ရွေ့ဆိုင်းထားရကြောင်း၊ ယင်းသင်တန်းအတွက် ယူနီဖောင်များ၊ ပွိုင့်ဖိနပ်များနှင့် အခြေခံရိက္ခာများလည်း လိုအပ်လာနေကြောင်းသိရသည်။
ငဖဲမြို့နယ်ထဲက ရခိုင်ပြည်နယ်အစပ်မှ ဂုတ်စီးရိုး၊ မထုံး၊ စွန်ပျော်ရွာနှင့် စေတုတ္တရာမြို့နယ်အစပ်က ချင်းကျေးရွာ ၃ ရွာတို့ကို စစ်ကောင်စီက အခြေခံစားနပ်ရိက္ခာများ ဝယ်ယူခွင့်ကို လုံးဝပိတ်လိုက်သည်မှာ ၄ လခန် ကြာမြှင့်လာပြီးဖြစ်သောကြောင့် ပြည်သူများ ပိုမိုခက်ခဲလာနေကြောင်း CDF – အရှို ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
တချို့ ချင်းရွာ အများအပြားမှာ ဆန်ဝယ်ယူခွင့် ရရှိသေးသော်လည်း ၃ ရက် တစ်ကြိမ်သာ မိသားစုအရေအတွက်ပေါ် မူတည်၍ ဝယ်ခွင့်ပေးထားကြောင်း သိရသည်။
ငဖဲမြို့နယ်က ချင်းရွာများတွင် သွေးလွန်တုတ်ကွေးနှင့် ငှက်ဖျားရောဂါအဖြစ်များလေ့ရှိပြီး စစ်ကောင်စီသည် ဆေးဝါးဝယ်ယူခွင့်များကို ပိတ်ပင်ထားသကဲ့သို့ မြို့ပေါ် ဆေးကုသခွင့်များကို ပိတ်ပင်ထား၍ စစ်ကောင်စီ ဂိတ်များမှ လှည့်ပြန်လာရမှုများ ရှိနေကြောင်း သိရသည်။
စစ်ကောင်စီက အလုံးစုံ ပိတ်ပင်ထားသည့် ချင်းကျေးရွာ ၆ ရွာတွင် ပြည်သူလူထု တစ်ထောင်ဝန်းကျင်ခန့် ရှိကြောင်း သိရသည်။