(006SV)
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသရှိ ကျေးရွာများတွင် တပ်သားသစ်စုဆောင်းရာမှာ အသက်မပြည့်သူနှင့် ကျန်းမာရေးမကောင်းသူများကို စိစစ်ပြီး ပြန်လည်လွှတ်ပေးမည်ဟု ဒိုင်ရ်ဒေသန္တရကောင်စီ – DRC ပြောရေးဆိုခွင့်ရှိသူ Ai Bax က ပြောသည်။
ပလက်ဝမြို့နယ်၊ ဒိုင်ရ်ဒေသထဲက ကျေးရွာများတွင် စစ်သင်တန်းတက်ရောက်ရန် စုဆောင်းရာတွင် အသက်မပြည့်သော ကလေးငယ်များ ပါဝင်နေသည်ဟု သတင်းများ ထွက်ပေါ်လာမှုကို DRC ပြောရေးဆိုခွင့်ရှိသူကို မေးမြန်းရာတွင် ဖြေဆိုခြင်းဖြစ်သည်။
“စစ်အာဏာရှင် အမြစ်ပြတ်ပြုတ်ကျရေးတိုက်ပွဲမှာ တော်လှန်ရေးအတွက်လိုအပ်တဲ့ တပ်သားသစ်တွေကို စုဆောင်း တာဖြစ်ပါတယ်။ တပ်သားသစ်တွေထဲမှာ အသက်မပြည့်တဲ့သူ ပါမပါနဲ့ ကျန်းမာရေးမကောင်းတဲ့သူ ပါမပါ ဆိုတာကို ပြန်ပြီးစီစစ်တာတွေ လုပ်ဆောင်နေပါတယ်၊ အရင်ကလဲ အိမ်ပြန်ပို့ပါတယ်။ အခုလဲ အသက်မပြည့်သူနဲ့ ကျန်းမာရေးမကောင်းတဲ့ သူတွေကို ပြန်လွှတ်မှာပါ” ဟု DRC ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
CDF – Daai ၏ တပ်သားသစ် စုဆောင်းမှုများကို ဒေသ၊ နယ်မြေ၊ ကျေးရွာ အဆင့်အဆင့်သော အုပ်ချုပ်ရေးအဖွဲ့များက ဦးဆောင်ပြီး လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ တပ်သားသစ်စုဆောင်းမှုများကို လက်နက်ကိုင်ခြိမ်းခြောက်၍ လုပ်ဆောင်ခြင်းမရှိဟု DRC က ဆိုသည်။
အုပ်ချုပ်ရေးအဖွဲ့က တပ်သားသစ်စုဆောင်းမှုများတွင် တပ်ထဲ ဝင်ချင်သည့် ရဲဘော်အများအပြားကို လက်ခံရရှိထားပြီး တော်လှန်ရေးအတွက် လိုအပ်သော တပ်သားသစ် စုဆောင်းမှုများကို ဆက်လက် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု သိရသည်။
ပလက်ဝမြို့နယ်၊ လေမြိုချောင်းက ကျေးရွာများဖြစ်သော အလယ်ဒိန်၊ ရွှေတောင်၊ မောစုန်းကြီး၊ မောင်ရွာ၊ ဝန်ချောင်း၊ အောက်မောစုန်း၊ လုံပန်၊ ကောက်စည်နှင့် မောစုန်ရှေ့ရွာများက ဒေသခံ ၅၀ ဦးထက်မနည်းကို CDF – Daai က တပ်သား သစ်စုဆောင်းရာ အသက် ၁၄ နှစ်အရွယ်အပါအဝင် ၁၈ နှစ်အောက်များ၊ မိန်းကလေးငယ်များ အများအပြား ပါဝင်သည်ဟု ပလက်ဝအခြေစိုက် KIMO ချင်းသတင်းဌာနက ရေးသားသည်။