(005MK)
မီဇိုရမ်ပြည်နယ် ဇိုခေါထာရ်ကျေးရွာက လူငယ် ၂ ဦး ဖမ်းဆီးထိန်းသိမ်းခံရမှုနှင့်ပတ်သက်၍ CDF-Hualngoram နှင့် ဇိုခေါထာရ်ရပ်ရွာလူထုကိုယ်စားလှယ်တို့ မျက်နာချင်းဆိုင်ဆွေးနွေးကာ နှစ်ဦးနှစ်ဖက် သဘောတူနာလည်းကြေအေးခဲ့ကြပြီဟု သိရသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်နေ့က ချင်းပြည်နယ် ဟွာလ်ငိုရမ်ဒေသ ရိခေါဒါရ်မြို့မှာ CDF-Hualngoram တပ်သားတဦးကို ကိုယ်ထိလက်ရောက် စော်ကားခဲ့သည့်အတွက် ဇိုခေါထာရ်ကျေးရွာက လူငယ် ၂ ဦးကို စစ်ဆေးမေးမြန်းရန် ထိန်းသိမ်းကြသည်။
ယင်းဖြစ်စဉ်အပေါ် နှစ်ဖက်တာဝန်ရှိသူများ စက်တင်ဘာလ ၁၁ ရက်နေ့က မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ကြပြီး နှစ်ဦးနှစ်ဖက် သဘောတူကြေအေးခဲ့သည့်အတွက် အလွန်ပင်ဝမ်းမြောက်ကြသည်ဟု ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ကြသည်။
ယင်းပူးတွဲကြေညာချက်ကို ဇိုခေါထာရ်ရပ်ရွာကိုယ်စား ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ မီဇိုးလူငယ်အသင်း (YMA)၊ MHIP နှင့် CDF-Hualngoram ဘက်မှ ဦးဆောင်သူ ၄ ဦးတို့က လက်မှတ်ရေးထိုးခဲ့ကြသည်။
မိမိတို့သည် နယ်နိမိတ်စည်းခြားထားသော်လည်း စားဝတ်နေရေးနှင့် လူမှုအဖွဲ့အစည်းအရ အပြန်အလှန် အမှီသဟဲပြုရသည်ဖြစ်သောကြောင့် ကွဲမရ၊ ခွဲမရဖြစ်ကြောင်းကို နားလည်လက်ခံကြသည်ဟုဆိုသည်။
ဇိုခေါထာရ် နှင့် ရိခေါဒါရ် ဒေသ ၂ ခုသည် အုပ်စိုးသည့်အစိုးရမတူသော်ငြား လည်း သွေးချင်းညီအစ်ကိုများ ဖြစ်သည် နှင့်အညီ မိမိတို့ဘိုးဘွားအစဉ်အဆက် ကတည်းက သာရေး၊ နာရေးကိစ္စရပ်များတွင် တစည်းတလုံး ပူးပေါင်းလုပ်ေဆာင်ခဲ့ကြသည့် ဓလေ့ကောင်းကို စောင့်ထိမ်းလျှက်ရှိကြပြီး ယင်းဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းမည်ဖြစ်ကာ ဆက်ဆံရေးပျက်ပြားစေသည့် မဟုတ်မမှန်သတင်းများ Social Media ပေါ်မတင်ကြရန် ပြည်သူများကို ပန်ကြားအပ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။
နယ်နိမိတ်ပိုင်းခြားထားသော်ငြားလည်း ရပ်ကွက်တခုတည်းအလား ကူးလူးသွားလာကြသည့်အတွက် တဖက်ဖက်တွင် ပြသနာတစ်စုံတရာ ဖြစ်လေ့ဖြစ်ထရှိပြီး နောက်နောင်တွင် ယခုကဲ့သို့သော ပြသနာထပ်ဖြစ်ပွားခဲ့သော် နှစ်ဦးနှစ်ဖက် ခေါင်းဆောင်များက အမြန်ဆုံးဖြေရှင်းကြရန် သဘောတူကြသည်ဟုလည်း ဖော်ပြထားသည်။
မီဇိုးရမ်တော်လှန်ရေးကာလတစ်လျှောက်တွင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည့် မီဇိုးရမ်ပြည်သူများကို မြန်မာပြည်ဖက်မှ စောင့်ရှောက်ကူညီခဲ့သကဲ့သို့ ယခု နွေဦးတော်လှန်ရေးကြောင့် ထွက်ပြေးတိမ်းရှောင်လာကြသည့် မြန်မာပြည်သူများကို Zokhawthar ပြည်သူများက ဂရုဏာထားကာ စောင့်ရှောက်ပေးသည့်အတွက် ကျေးဇူးအထူးတင်ရှိကြောင်း မိမိတို့၏ လိုအပ်ချက်များကို နားလည်သီးခံပြီး၊ မှားယွင်းလုပ်ဆောင်ချက်များအပေါ် ခွင့်လွတ်မှုတောင်းခံပါသည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။
ယခုကဲ့သို့ နှစ်ဦးနှစ်ဖက် သဘောတူကြေအေးသွားပြီးဖြစ်သည့်အတွက် ပြည်သူများအနေဖြင့်လည်း အလေးထားပေးကြပါရန်နှင့် ဖြေရှင်းပြီးသည့်ကိစ္စကို အစမဆွဲထုတ်ကြရန်လည်း ပြည်သူများကို မေတ္တာရပ်ခံပန်ကြားအပ်ပါသည်ဟု ၎င်းတို့၏ ပူးတွဲကြေညချက်တွင် ဖော်ပြထားသည်။