(004SS)
ချင်းပြည်နယ်အခြေစိုက် ချင်းကာကွယ်ရေးတပ်ဖွဲ့ ဖြစ်သည့် Chinland Defense Force – Zotung တပ်ဖွဲ့ဝင် တစ်ဦးသည် လွတ်မြောက်နယ်မြေတစ်နေရာမှာ နှစ်နှစ်ကြာ ဆေးဝါးကုသမှု ခံယူနေရာမှကွယ်လွန်သွားကြောင်း သိရသည်။
CDF – Zotung တပ်ဖွဲ့ဝင် ရဲဘော် ဆလိုင်းဝင်းမြင့်ဦးသည် ကျောက်ကပ် ရောဂါဝေဒနာကို လွတ်မြောက် နယ်မြေ တစ်နေရာတွင် နှစ်နှစ်ကြာ ဆေးဝါး ကုသမှုခံယူရင်း ၂၀၂၆ ခုနှစ်၊ မတ်လ (၁) ရက်နေ့တွင် ကွယ်လွန်သွားခဲ့ကြောင်း CDF-Zotung က မတ်လ ၁ ရက်မှာ ထုတ်ပြန်သည်။
ရဲဘော်ဆလိုင်းဝင်းမြင့်ဦးသည် မိမိတို့ယုံကြည်ချက်ဖြစ်သော စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်ရင်း ကျောက်ကပ်ဝေဒနာ စတင်ခံစားခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။
“လက်နက်ကိုင်တော်လှန်ရေးထဲ စဝင်ကြတော့ ကျနော်တို့တပ်ရင်းမှာ ဒီညီလေးက အငယ်ဆုံးပဲ။ ဘယ်နှစ်ရက်ခံ မလဲဆိုပြီး စောင့်ကြည့်ခဲ့ကြပေမယ့် အပြိုအကွဲတွေကြားမှာ သူက ကြံ့ကြံ့ခိုင်ပြီး ၂၀၂၁ ကနေ ၂၀၂၄ ဇွန်လအထိ တိုက်ပွဲတိုင်းမှာ သတ္တိရှိရှိ ပါဝင်ခဲ့သူပါ။ တစ်နှစ်ကျော်ကြာကျောက်ကပ်ဆေးခဲ့ရတာ မတ်လ ၁ ရက်နေ့မှာ ကွယ်လွန်သွားပါပြီ။” ဟု CDF-Zotung ပြောရေးဆိုခွင့်ရှိသူ Salai Danny က ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားသည်။
ကျဆုံးသွားသူ ဆလိုင်းဝင်းမြင့်ဦးသည် ဆေးရုံတွင် ရောဂါဝေဒနာ ခံစားနေရသော်လည်း ပြုံးပြုံးရွှင်ရွှင်ဖြင့်သာ နေထိုင်ခဲ့သူဖြစ်ကြောင်း ၎င်းက ဆိုသည်။
CDF-Zotung အနေဖြင့် ရဲဘော်ဆလိုင်းဝင်းမြင့်ဦး ဆေးရုံတက်ကုသစဉ်အတွင်း ဝိုင်းဝန်းကူညီပေးခဲ့ကြသော အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း ၎င်းအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ရဲဘော်ဆလိုင်းဝင်းမြင့်ဦး၏ တိုင်းပြည်နှင့် လူမျိုးအတွက် ပေးဆပ်စွန့်လွှတ်မှုအပေါ် CDF-Zotung အနေဖြင့် အထူးလေးစားဂုဏ်ပြုကြောင်းနှင့် ကျန်ရစ်သူမိသားစုနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းရပါကြောင်း ဖော်ပြထားသည်။
ဓါတ်ပုံ – ကျဆုံး ရဲဘော် နှင့် CDF – Zotung တပ်ဖွဲ့ဝင်များပုံ

