တော်လှန်ရေးအင်အားစုများအတွက် ကြီးမားသော ဒစ်ဂျစ်တယ်လုံခြုံရေး ခြိမ်းခြောက်မှုဟုဆို
(004SS)
မြန်မာနိုင်ငံအတွင်းရှိ မိုဘိုင်းဖုန်းများ၏ IMEI ကုတ်နံပါတ်များကို မှတ်ပုံတင်ရမည့် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) ကို ၂၀၂၆ ခုနှစ်၊ မတ်လ ပထမပတ်မှစတင်ကာ အကောင်အထည်ဖော် ဆောင်ရွက်တော့မည်ဖြစ်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ကြေညာသည်။
အဆိုပါထုတ်ပြန်ချက်အရ လက်ရှိအသုံးပြုနေသော ဖုန်းများကို မတ်လ ၃၁ ရက်နေ့နောက်ဆုံးထားပြီး ဆင်းကတ်ထည့်ကာ အသုံးပြုထားရမည်ဖြစ်ပြီး၊ ဧပြီလ ၁ ရက်နေ့နောက်ပိုင်းမှစ၍ ခွင့်ပြုစာရင်းတွင် မပါဝင်သော ဖုန်းများကို ရက်ပေါင်း ၃၀ သာ ယာယီအသုံးပြုခွင့်ပေးကာ အခွန်နှင့် ဒဏ်ကြေးပေးဆောင်ရမည်ဟု ဆိုသည်။
သို့သော် ဤစနစ်သည် အခွန်ကောက်ခံရန်ထက် ပြည်သူများ၏ ဆက်သွယ်ရေးကွန်ရက်ကို အလုံးစုံထိန်းချုပ်ရန်နှင့် ခြေရာခံရန် ရည်ရွယ်သည့် “ဆက်သွယ်ရေးထောင်ချောက်” တစ်ခုဖြစ်နိုင်ကြောင်း နည်းပညာကျွမ်းကျင်သူများက ဝေဖန်ထားကြသည်။
“ဖုန်းနဲ့ ဆက်သွယ်ရေး ပစ္စည်းတွေရဲ့ IMEI ကုတ်တွေကို မှတ်ပုံတင်စေတဲ့ CEIR ဆိုတာ နိုင်ငံတကာမှာ ဖုန်းခိုးခံရမှုတွေနဲ့ မှောင်ခိုသွင်းတာတွေကို တားဆီးဖို့ သုံးလေ့ရှိပေမယ့် နိုင်ငံရေး မတည်ငြိမ်တဲ့ အခြေအနေတွေမှာတော့ ဒါဟာ ပြည်သူကို စောင့်ကြည့် ထိန်းချုပ်တဲ့ လက်နက်တစ်ခု အဖြစ် အလွယ်တကူ ပြောင်းလဲသွားနိုင်ပါတယ်။ အခွန်ကောက်ခံခြင်းက ဟန်ပြ ရည်ရွယ်ချက်သာ ဖြစ်ပြီး နောက်ကွယ်က အဓိက ရည်ရွယ်ချက်ကတော့ အလုံးစုံ ဆက်သွယ်ရေး ထိန်းချုပ်မှု (Total Telecommunication Control) ရယူဖို့ ဖြစ်ပါတယ်။ IMEI ကို ပိုင်ရှင်အမည်နဲ့ တွဲသိရင် ဆက်သွယ်ရေးကွန်ရက်ကို ထိန်းချုပ်ထားသူက လူတစ်ယောက်ကို မသုံးစေချင်ရင် သူ့ရဲ့ ဆင်းကတ်ကို ပိတ်ရုံတင်မကဘဲ၊ သူသုံးနေတဲ့ ဖုန်း (IMEI) ကိုပါ မြန်မာနိုင်ငံက ဘယ်ကွန်ရက်ကိုမှ ချိတ်ဆက်လို့ မရအောင် Block လုပ်ပစ်နိုင်ပါတယ်။ ဒီထက်ပိုပြီး ကြောက်စရာ ကောင်းတာကတော့ စကစက ပစ်မှတ်ထားတဲ့ IMEI နံပါတ်ကို သိရင်၊ အဲဒီဖုန်း ဘယ်မြို့၊ ဘယ်ရပ်ကွက်က တာဝါတိုင်နားမှာ ရှိနေလဲဆိုတာ အချိန်နဲ့တပြေးညီ ခြေရာခံနိုင်ပါတယ်။” ဟု နည်းပညာပိုင်းကျွမ်းကျင်သူ အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိအခြေအနေတွင် စစ်ကော်မရှင် အကောင်အထည်ဖော်မည့် CEIR စနစ်သည် အထူးသဖြင့် တော်လှန်ရေးအင်အား စုများအတွက် ကြီးမားသော ဒီဂျစ်တယ် ခြိမ်းချောက်မှုတစ်ခုဟု နည်းပညာကျွမ်းကျင်သူများက ဆိုသည်။
ထို့ကြောင့် တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများအနေဖြင့် မိမိတည်နေရာနှင့် ဆက်သွယ်မှုမှတ်တမ်း (Metadata) များအား စောင့်ကြည့်မခံမိစေရန် ပြည်တွင်းဆင်းကတ်များကို တိုက်ရိုက်အသုံးပြုခြင်းမှ တတ်နိုင်သမျှ ရှောင်ကြဉ်ကြရန်နှင့် လုံခြုံစိတ်ချရသော applications များ ရွေးချယ်အသုံးပြုသင့်ကြောင်းလည်း သတိပေးထားသည်။
“ဒစ်ဂျစ်တယ်လုံခြုံရေး (Digital OpSec) ကို အဆင့်မြှင့်တင်ဖို့က အခုချိန်မှာ ရွေးချယ်စရာမဟုတ်ဘဲ မဖြစ်မနေ လုပ်ဆောင်ရမယ့်အရာ ဖြစ်လာပါပြီ။ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ဆင်ရေးနဲ့ လုံခြုံရေး အရေးကြီးတဲ့ ကိစ္စတွေ အတွက် ပြည်တွင်း မိုဘိုင်းကွန်ရက်တွေကို အသုံးပြုခြင်းမှ တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။ ဖုန်းကို Airplane Mode ထားပြီး Signal လို App တွေကို Wi-Fi နဲ့ သုံးရင် IMEI ကို ပြည်တွင်းတာဝါတိုင်တွေက မသိနိုင်ပါဘူး။ ပြည်သူတွေ အနေနဲ့ သာမန်ဖုန်းနဲ့ တော်လှန်ရေးကိစ္စ သီးသန့်လုပ်တဲ့ဖုန်း (Black Phone) ကို ခွဲထားရပါမယ်။ Black Phone တွေမှာ ပြည်တွင်း ဆင်းကတ် လုံးဝ (လုံးဝ) မထည့်သင့်ဘဲ Wi-Fi နဲ့သာ အသုံးပြုရမှာ ဖြစ်ပါတယ်။ Starlink လို ဂြိုလ်တုအင်တာနက် ဒါမှမဟုတ် လုံခြုံစိတ်ချရတဲ့ Wi-Fi ကွန်ရက်တွေကိုသာ ပိုမိုအားထားကြဖို့ တိုက်တွန်းလိုပါတယ်” ဟု နည်းပညာ ကျွမ်းကျင်သူ အမျိုးသားတစ်ဦးက ပြောသည်။

