ချင်းအမျိုးသားတပ်ဦး CNF က ချင်းပြည်နယ်အတွင်း တိုက်ပွဲများဖော်ဆောင်နေသောကြောင့် မြို့ရွာများ ထိခိုက်ပျက်စီးခဲ့ရသည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က စွပ်စွဲပြောဆိုလိုက်သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက် တိုင်းစစ်ဌာနချုပ် (ရမခ) ကို ကိုးကန့်တပ်ဖွဲ့နှင့် မဟာမိတ်တပ်များက သိမ်းပိုက်လိုက်ပြီးနောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်က တိုင်းပြည်လုံခြုံရေးအခြေအနေနှင့်ပတ်သက်၍ ဩဂုတ်လ ၅ ရက် ယနေ့ည မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
“CNF ဟာဆိုရင်လည်း PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ ချင်းပြည်နယ်အတွင်းမှာ တိုက်ပွဲများ ဖော်ဆောင်လာတဲ့အတွက် ချင်းပြည်နယ်အတွင်းမှာရှိတဲ့ တည်ငြိမ်အေးချမ်းစွာလုပ်ကိုင် စားသောက်နေကြတဲ့ တိုင်း ရင်းသားပြည်သူလူထုရဲ့ လူမှုစီးပွားဘဝများထိခိုက်နစ်နာပျက်စီးခဲ့ရပြီး ဖလမ်း၊ မတူပီ၊ လိုင်လင်းပီ၊ မင်းတပ်၊ ထန်တလန်စတဲ့ မြို့ရွာများထိခိုက်ပျက်စီးခဲ့ရာတာတွေလည်း တွေ့မြင့်ခဲ့ရပါတယ်” ဟု စစ်ခေါင်းဆောင်က ပြောသည်။
လက်ရှိ နိုင်ငံအတွင်း ဖြစ်ပေါ်နေသော စစ်ပွဲများ မတည်ငြိမ်မှုများသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် PDF တပ်ဖွဲ့များ၊ ပြည်ပအဖွဲ့အစည်းများကြောင်ဖြစ်သည်ဟု စစ်ခေါင်းဆောင်က ပြစ်တင်ပြောကြားခဲ့ပြီး နယ်မြေတည်ငြိမ်အေးချမ်းမှု ပြန်လည်ရှိစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟုလည်း ပြောဆိုခဲ့သည်။