အဆိုပါတွေ့ဆုံမှုမှာ အဓိကတာဝန်ရှိသူ CNO/ CNDF ဥက္ကဌကို ရာထူးမှ ထုတ်ပယ်
(006SV)
ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF) ထိပ်ပိုင်းခေါင်းဆောင်တချို့နှင့် စစ်တပ်အစိုးရ၏ NSPNC ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှုသည် တရားဝင်မှု၊ ကိုယ်စားပြုမှု မရှိဘဲ အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် အဓိက တာဝန်ရှိသူ CNO/ CNDF ဥက္ကဌကို ရာထူးမှ ထုတ်ပယ်လိုက်ကြောင်း CNO/ CNDF က ကြေညာသည်။
CNO/ CNDF ၏ ထိပ်ပိုင်းခေါင်းဆောင်တချို့သည် အာဏာသိမ်းစစ်တပ်အစိုးရက ဖွဲ့စည်းထားသော အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) မှ ကိုယ်စားလှယ်များနှင့် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် ယနေ့ ဩဂုတ်လ ၃ ရက်မှာ CNO က တော်လှန်ပြည်သူများသို့ အသိပေးချက်အဖြစ် ယင်းသို့ ထုတ်ပြန်လာခြင်းဖြစ်သည်။
CNO ၏ ဗဟိုကောင်စီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ၊ နိုင်ငံရေး ဦးဆောင်ကော်မတီ၊ နှင့် ကာကွယ်ရေး ကော်မတီတို့ သိရှိခြင်း၊ တာဝန်ပေးအပ်ခြင်း၊ သဘောတူညီခြင်း မရှိဘဲ CNO/ CNDF ခေါင်းဆောင်တချို့က မိမိတို့၏ ဆန္ဒအလျောက် စစ်တပ်နှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခြင်းဖြစ်သည်ဟု CNO ထံမှ သိရသည်။
“အဆိုပါတွေ့ဆုံမှုနှင့် တွေ့ဆုံမှုအတွင်း ပြောဆိုဆွေးနွေးခဲ့သည့် အကြောင်းအရာများသည် CNO ၏ တရားဝင်ရပ်တည်ချက်၊ ဆုံးဖြတ်ချက်နှင့် မူဝါဒတို့ကို မည်သည့်နည်းနှင့်မျှ ကိုယ်စားမပြုကြောင်း အတိအလင်း အသိပေးအပ်ပါသည်။ အဆိုပါတွေ့ဆုံမှုမှတစ်ဆင့် NSPNC ကိုယ်စားလှယ်များနှင့် နိုင်ငံရေးအရဖြစ်စေ၊ စစ်ရေးအရဖြစ်စေ မည်သည့်သဘောတူညီချက်၊ ကတိကဝတ် သို့မဟုတ် နားလည်မှုမျိုးမျှ လုံးဝမရှိခဲ့ကြောင်း အတိအလင်း အသိပေးအပ်ပါသည်” ဟု CNO/ CNDF က ကြေညာသည်။
CNO/ CNDF သည် ချင်းညီနောင်ကို စတင်ဖွဲ့စည်းရာတွင် ဦးဆောင်ပါဝင်ခဲ့သော အဖွဲ့တစ်ခုဖြစ်ပြီး ICNCC / CB နှင့် မဟာမိတ် တော်လှန်ရေးအင်အားစုများ၏ ဘုံရပ်တည်ချက်၊ စုပေါင်းဆုံးဖြတ်ချက်နှင့် တော်လှန်ရေး အကျိုးစီးပွားတို့ကို အလေးထား လိုက်နာလျက်ရှိသည်ဟု သိရသည်။
ICNCC/CB နှင့် မဟာမိတ်အင်အားစုများ၏ သဘောထားနှင့် စုပေါင်းဆုံးဖြတ်ချက် မပါရှိဘဲ စစ်တပ်နှင့် တစ်ဖက်သတ် တွေ့ဆုံဆွေးနွေးခြင်း သို့မဟုတ် နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်မည်မဟုတ်ကြောင်း CNO/ CNDF က ထပ်မံအတည်ပြုကြေညာသည်။
စစ်တပ်နှင့် တွေ့ဆုံဆွေးနွေးမှုကို စနစ်တကျ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ CNO/ CNDF ဥက္ကဌကိုယ်တိုင်မှ အဆိုပါ တွေ့ဆုံမှုနှင့် ပတ်သက်၍ ၎င်းတို့ အဓိက တာဝန်ရှိကြောင်း လက်ခံပြီး ဥက္ကဌ ရာထူးမှ နုတ်ထွတ်ရန် တင်ပြခဲ့ကြောင်း၊ ယင်းတင်ပြမှုကို ဗဟိုကော်မတီက သဘောတူလက်ခံပြီး ဥက္ကဌတာဝန်မှ ရပ်စွဲလိုက်ကြောင်း သိရသည်။
ပြည်သူလူထု၏ ယုံကြည်မှုနှင့် တော်လှန်ရေး၏ မူလရည်မှန်းချက်များအပေါ် သစ္စာရှိစွာ ဆက်လက် ရပ်တည်မည် ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး၊ တရားမျှတမှုရရှိရေးနှင့် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးတို့အတွက် မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့်အတူ ခိုင်မာစွာ ဆက်လက်ကြိုးပမ်းသွားမည်ဟု CNO/ CNDF က ထုတ်ပြန်သည်။
“CNO/CNDF အနေဖြင့် အဖွဲ့အစည်း၏ စည်းလုံးညီညွတ်မှု၊ ဖွဲ့စည်းပုံ၊ မူဝါဒနှင့် တော်လှန်ရေး၏ အကျိုးစီးပွားကို အစဉ်ဦးစားပေး၍ မဟာမိတ်များနှင့် လက်တွဲကာ ပြည်သူလူထု၏ မျှော်မှန်းချက်များကို အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်း ထပ်လောင်း အတည်ပြုအပ်ပါသည်” ဟု CNO/ CNDF ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ဧပြီလ ၁၃ ရက်မှာ CNO/ CND ကို စတင်ဖွဲ့စည်းခဲ့ပြီး နွေဦးတော်လှန်ရေးနှင့်အတူ စစ်အာဏာရှင်စနစ်ကို ကနဦး လက်နက်ကိုင် တော်လှန်ရေးခဲ့သော ချင်းကာကွယ်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု သိရသည်။

