(004SS)
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ CNO/CNDF စိုးမိုးနယ်မြေတွင် ချင်းအမျိုးသားအဖွဲ့ချုပ်၊ ပြည်ထဲရေးနှင့် ကာကွယ်ရေးဌာနတို့ ပူးပေါင်းကာ ရပ်ရွာလုံခြုံရေးအတွက် ဒေသအလိုက် ပြည်သူများကို Militia (ပြည်သူ့စစ်) ရက်တိုသင်တန်းပို့ချခဲ့ကြောင်း သိရသည်။
“Militia သင်တန်းက ရက်တိုသင်တန်းပေါ့။ ဒါကတော့ စစ်တပ်ထဲဝင်တဲ့သူတွေမဟုတ်ဘဲနဲ့ ပြည်သူတွေကို သင်တန်းပေးတာဖြစ်တယ်။ ကျွန်တော်တို့ ပြည်ထဲရေးအောက်က ရဲတပ်ဖွဲ့ကနေ ရပ်ရွာတွေမှာ တကယ်လို့ အရေးပေါ်တခုခုဖြစ်ခဲ့လို့ရှိရင် စစ်ရေးအရသော်လည်းကောင်း သူတို့အနေနဲ့ ကြိုတင်ပြင်ဆင်လို့ရအောင် လေယာဉ်ပစ်ခတ်မှုရှိရင် ဘယ်လိုလုပ်ရမလဲ၊ ပြီးရင် ရှေးဦးသူနာပြုစုနည်းပေါ့နော်။ အဲဒါတွေလဲ ကျွန်တော်တို့ ပေါင်းပြီးတော့ တစ်ပါတ်စာ သင်တန်းလုပ်တာဖြစ်ပါတယ်” ဟု CNO/CNDF မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတင်မီက ပြောသည်။
သင်တန်းအား ရပ်ရွာလုံခြုံရေးနှင့် အုပ်ချုပ်ရေးကို ထိပါးနှောင့်ယှက်နိုင်မှုမှ ကာကွယ်နိုင်ရန်ရည်ရွယ်ပြီး ဇူလိုင်လ ၁ ရက်နေ့မှစ၍ တစ်ပါတ်အတွင်း ပို့ချခဲ့ကာ ရှေးဦးသူနာပြုစုနည်း၊ လက်နက်ဖြုတ်၊ တပ်ဆင်နည်းနှင့် အခြားစစ်ရေးဆိုင်ရာ အတတ်ပညာများ ပို့ချပေးခဲ့သည်ဟု သိရသည်။
ပထမအကြိမ်သင်တန်းတွင် ပြည်သူ အယောက် ၅၀ တက်ရောက်ခဲ့ပြီး ယမန်နေ့ကစ၍ အခြားဧရိယာတစ်ခု၌ ဒုတိယအကြိမ်မြောက်သင်တန်း စတင်ပို့ချပေးနေကြောင်း ဆလိုင်းတင်မီက ပြောသည်။
CNO/CNDF စိုးမိုးနယ်မြေတွင် ဒေသ ၁၂ ခုဖြင့် ခွဲထားပြီး ၎င်းဒေသအလိုက် ဆက်လက်ပို့ချသွားမည်ဟုလည်း သိရသည်။
“အခု ဖလမ်းမှာ ကျွန်တော်တို့ မြို့ပေါ်အပါအဝင် ဧရိယာ ၁၂ နဲ့ ခွဲထားတယ်။ အဲဒီဧရိယာတွေမှာ လုံခြံတဲ့နေရာတွေမှာ ပေါ့နော် Militia သင်တန်းကို ဆက်ပြီးတော့ လုပ်သွားမှာ ဖြစ်တယ်။ အမျိုးသား၊ အမျိုးသမီး ဆိုပြီးမရှိပါဘူး တက်ချင်တဲ့ သူတိုင်း၊ တက်နိုင်တဲ့သူတိုင်း တက်လို့ရပါတယ်” ဟု ဆလိုင်းတင်မီက ပြောသည်။
အလားတူ CNO/CNDF စစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင်မည့် ဖလမ်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့၀င်များနှင့် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များအား သက်ဆိုင်ရာ တာဝန်ရှိသူများမှ စာတွေ့၊ လက်တွေ့ ရက်တိုသင်တန်း ပို့ချခဲ့ပြီးဖြစ်ကာ တာဝန်ကျရာနေရာအသီးသီးသို့ တာဝန်ထမ်းဆောင်နေပြီဟုလည်း သိရသည်။