(004SS)
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ ချင်းဒုက္ခသည်ကော်မတီ CRC ဦးဆောင်မှုဖြင့် ချင်းစစ်ဘေးရှောင်များအားလုံးပါဝင်သော ဆောင်းရာသီအားကစားပွဲကို နယူးဒေလီမြို့ Raghubir Singh sports complex အားကစားကွင်းတွင် ၅ ရက်ကြာ ကျင်းပနေကြောင်း သိရသည်။
ယင်းဆောင်းရာသီအားကစားပြိုင်ပွဲကို နိုဝင်ဘာ ၁၁ ရက်မှ ၁၅ ရက်နေ့အထိ ၅ ရက်ကြာကျင်းပပြုလုပ်လျှက်ရှိကြပြီး ချင်းမျိုးနွယ်စုအချင်းချင်းကြား ချစ်ကြည်ရေးကို တည်ဆောက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပနေခြင်းဖြစ်ကြောင်း CRC မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကျွန်တော်တို့ CRC အောက်မှာ ကော်မတီ ၁၂ ခု ရှိတယ်။ ဒီ ၁၂ ခုက လူတွေဆိုရင် တစ်ယောက်နဲ့ တစ်ယောက် မတွေ့ဖူး ကြဘူး၊ တကွဲတပြားနေကြတယ်၊ ပြီးတော့ အများစုက အလုပ်လုပ်ကြတယ်၊ ဘုရားကြောင်းလဲမတူကြဘူး၊ ဘာသာ စကားလဲမတူကြဘူးဆိုတော့ ကျွန်တော်တို့ ချင်းလူမျိုးတွေ အချင်းချင်း မိတ်ဆွေဖွဲ့လို့ရအောင် အဓိက ချစ်ကြည်ရေးတည်ဆောက်ဖို့ကို ရည်ရွယ်ပြီးတော့ ကျင်းပတာဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
အားကစားပွဲတွင် အမျိုးသားနှင့် အမျိုးသမီး ဘောလုံး၊ ဘော်လီဘော၊ ချင်းလုံးခတ်ပြိုင်ပွဲများပါဝင်ပြီး CRC အနေဖြင့် ယခုကဲ့သို့ ဆောင်းရာသီအားကစားပွဲများကို နှစ်စဉ်နှစ်တိုင်း စည်စည်ကားကား ကျင်းပလေ့ရှိကြောင်း သိရသည်။
Chin Refugee Committee (CRC) အောက်တွင် ချင်းမျိုးနွယ်စုအသီးသီး၏ ဒုက္ခသည်ကော်မတီပေါင်း ၁၂ ခု ရှိသည်ဟု သိရသည်။
အိန္ဒိယနိုင်ငံ၊ ဒေလီးမြို့တွင် ချင်းပြည်နယ်မှ နှစ်စဉ် ဒုက္ခသည်များ ထပ်မံရောက်ရှိလာနေပြီး လက်ရှိတွင် စာရင်းအတိအကျ ကောက်ယူနိုင်ခြင်းမရှိသေးသော်လည်း ၂၀၂၂ ခုနှစ် CRC ၏ စာရင်းအရ ချင်းဒုက္ခသည် ၈,၀၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။