(004SS)
အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာန၏ အိန္ဒိယနိုင်ငံဆိုင်ရာကိုယ်စားလှယ် ဆလိုင်းအိုက်ဇက်ခင်ကို လက်အောက်ဝန်ထမ်းအမျိုးသမီးတစ်ဦးအား လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုအတွက် အရေးယူဆောင်ရွက်ပေးရန် အမျိုးသမီးမဟာမိတ်အဖွဲ့ (မြန်မာ) က တောာင်းဆိုလိုက်သည်။
ကျူးလွန်သူသည် ယခင်အချိန်ကလည်း အိမ်တွင်းအကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာထိပါးစော်ကားမှုများ ကျူးလွန်ခဲ့သော ရာဇဝင်ရှိသူဖြစ်နေသော်လည်း ပြစ်ဒါဏ်စီရင်ခြင်းမှ ကင်းလွတ်ခွင့်ရနေသူတစ်ဦးဖြစ်ပြီး အိန္ဒိယနိုင်ငံ မြန်မာကိုယ်စားလှယ်ရုံးအား တာဝန်ခံထားသော ဦးဆောင်သူဖြစ်နေသော်လည်း ၎င်း၏ လုပ်ပိုင်ခွင့် အခွင့်အာဏာကို မလျော်ဩဇာသုံး၍ ကျူးလွန်ခံရသူအား အလုပ်မှ ထုတ်ပယ်ခြင်းကိုလည်း ဆက်လက်ကျူးလွန်ခဲ့သည်ဟု အမျိုးသမီးမဟာမိတ်အဖွဲ့ (မြန်မာ) က ဇွန်လ ၂၀ ရက်စွဲဖြင့် NUG နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အိပ်ဖွင့်ပေးစာပေးပို့ခဲ့သည်။
လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုအား လုံးဝလက်သင့်မခံရေးမူ ကိုင်စွဲပြီး အာဏာရှင်တိုက်ဖျက်ရေးနှင့် ဖိုဝါဒကြီးစိုးမှု အဆုံးသတ်ရေးကို တစိုက်မတ်မတ်လုပ်ဆောင်နေသော အမျိုးသမီးမဟာမိတ်အဖွဲ့ -မြန်မာအနေဖြင့် အဆိုပါကျူးလွန်မှုအား ပြင်းထန်စွာရှုံ့ချပြီး ထိရောက်သောအရေးယူဆောင်ရွက်မှုအား ပွင့်လင်းမြင်သာရှိစွာနှင့် အမြန်ဆုံးဆောင်ရွက်ပေးရန် တောင်းဆိုသည်ဟု ဖော်ပြထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ကျူးလွန်သူအား NUG-PSHEA မူဝါဒအရ ထိရောက်စွာ အရေးယူပေးရန်၊ အမှုကိစ္စကို စိစစ်ကြားနာ အရေးယူမှုများ အမြန်ဆုံးဆောင်ရွက်ပေးရန်၊ နစ်နာသူအား လိုအပ်သည့်ကုစားမှုများ ဆောင်ရွက်ပေးရန်နှင့် အဆိုပါဆောင်ရွက်မှုနှင့် ဆုံးဖြတ်ကိုင်တွယ်မှုအား အများပြည်သူသိရှိရန် အသိပေးထုတ်ပြန်ပေးရန်ဟူသော အချက် ၄ ချက်ကို အမျိုးသမီး မဟာမိတ်အဖွဲ့ (မြန်မာ) က တောင်းဆိုထားသည်။
အမျိုးသမီးမဟာမိတ်အဖွဲ့ -မြန်မာ (Women’s Advocacy Coalition – Myanmar (WAC-M) သည် လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုအား လုံးဝလက်သင့်မခံရေးမူ ကိုင်စွဲပြီး အာဏာရှင်တိုက်ဖျက်ရေးနှင့် ဖိုဝါဒကြီးစိုးမှု အဆုံးသတ်ရေးကို တစိုက်မတ်မတ် လုပ်ဆောင်နေသည့်အဖွဲ့ဖြစ်သည်။
NUG-PSHEA မူဝါဒသည် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့် မဖွယ်မရာပြုမူခြင်း ဆိုင်ရာ အကာကွယ်ပေးရေး မူဝါဒ ဖြစ်ပြီး လွန်ခဲ့သော ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် အမျိုးသားညီညွှတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်၊ ကလေးရေးရာဝန်ကြီးဌာန မှ စတင်ရေးဆွဲခဲ့ကာ ၂၀၂၃ မတ်လ ၈ ရက်နေ့တွင် စတင်အသက်ဝင်သော မူဝါဒဖြစ်သည်။
ဆလိုင်းအိုက်ဇက်ခင်သည် NLD အရပ်သားအစိုးရလက်ထက် ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ် မေလအထိ ချင်းပြည်နယ် အစိုးရအဖွဲ့တွင် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဌာနမှ ဝန်ကြီး အဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း၌ NUG အဖွဲ့နှင့်လက်တွဲကာ တော်လှန်ရေးတွင်ပါဝင်လျက်ရှိပြီး အမျိုးသားညီညွတ်ရေး NUG အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာနလက်အောက်ရှိ အိန္ဒိယနိုင်ငံ မြန်မာကိုယ်စားလှယ်အဖြစ် လက်ရှိအထိ တာဝန်ထမ်းဆောင်နေသူဖြစ်သည်။