အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ၊ ချင်းပြည်လွှတ်တော်၊ ချင်းပြည်တရား လွှတ်တော် ချုပ်တို့မှ တာဝန်ရှိသူများ ယနေ့ (မေလ ၁၇ ရက်) တွင် ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်း ၁၀ နာရီတွင် အွန်လိုင်း (Zoom platform) မှတဆင့် ကျင်းပပြုလုပ်သော ယင်းတွေ့ဆုံမှုတွင် NUG ယာယီသမ္မတ ဒူဝါလရှီးလာ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး ချင်းပြည် (Chinland) ကောင်စီမှ ကောင်စီဥက္ကဌ ပူးဇင်ကျုံးနှင့် ကောင်စီဦးဆောင်အဖွဲ့များ၊ ချင်းပြည် (Chinland) အစိုးရမှ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ချင်းပြည် (Chinland) လွှတ်တော်မှ လွှတ်တော်ဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ချင်းပြည် (Chinland) တရားလွှတ်တော်မှ တရားလွှတ်တော်ချုပ်တို့ တက်ရောက်ခဲ့ကြသည်ဟု ချင်းပြည်အစိုးရနှင့် NUG တို့က အသီးသီးထုတ်ပြန်ခဲ့ကြသည်။
ထို့တွေ့ဆုံပွဲတွင် သက်ဆိုင်ရာ အဖွဲ့အစည်း၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြခြင်း၊ အပြန်အလှန် မေးမြန်းဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဥ် (၄) ရပ်ကိုလည်း ချမှတ်သဘောတူညီခဲ့ကြသည်ဟု ဖော်ပြထားသော်လည်း အသေးစိတ်အခြေအနေများအား ဖော်ပြထားခြင်းမရှိပေ။
ချင်းပြည်အစိုးရကို ယခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ပြီးနောက် သုံးလကျော်အကြာတွင် NUG အစိုးရနှင့် ပထမဆုံးအကြိမ် တရားဝင်ဆွေးနွေးမှု ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။