ကလေးမြို့နယ် တောင်ပိုင်းရှိ ကျောက်ဖူးရွာနှင့် ဒိုးနွယ်ရွာအကြားသို့ ဝင်ရောက်လာသည့် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို PDF (Kalay) တပ်ဖွဲ့ဝင်များက ယနေ့ နေ့လည် ၁၂ နာရီဝန်းကျင်ခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အနည်းဆုံး ၄ ဦးသေဆုံးပြီး ၁၀ ဦးကျော်ဒဏ်ရာရသွားကြောင်း PDF (Kalay) ကထုတ်ပြန်သည်။
ထို့အပြင် ကလေးမြို့အတွင်းရှိ ဒကစ တပ်အတွင်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့များ ထိန်းချုပ်သိမ်းပိုက်နေရာယူထားသော ရုံးအဆောက်အဦးနေရာအများအပြားကို PDF (Kalay) တပ်ဖွဲ့ဝင်များက မိုင်းခွဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ဟုလည်း သိရသည်။
ယခုရက်ပိုင်းအတွင်း ကလေးမြို့နယ်တောင်ပိုင်း အင်းကျွန်း၊ ရေရှင်၊ လယ်ခြား၊ ကုက္ကိုလ်၊ ရှားတော၊ ဒိုးနွယ်ကျေးရွာများကို စစ်ကောင်စီတပ်ဖွဲ့များက မွှေနှောက်ဖျက်စီးခြင်း၊ ကျေးရွာပြည်သူများ၏ ဆိုင်ကယ်၊ ကား၊ လှေ၊ အိမ်တွင်းရှိအဖိုးတန် ပစ္စည်းများကို ယူဆောင်သွားခြင်း၊ အိမ်များကို မီးရှိုးဖျက်စီးခြင်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
အဆိုပါကျေးရွာနေပြည်သူများအနေဖြင့် စစ်ကောင်စီ၏ရန်ပြုမှုဘေးမှ လွတ်ရာသို့ တိမ်းရှောင်ထွက်ပြေးနေရဆဲဖြစ်သည်။
PDF (Kalay) အနေဖြင့် ကလေးဒေသပြည်သူများ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်အတွက် စစ်ကောင်စီတပ်ဖွဲ့များအား အစွမ်းကုန် အရှိန်အဟုန်မြှင့် ချေမှုန်းတိုက်ခိုက်သွားမည်ဖြစ်သောကြောင့် ကလေးဒေသပြည်သူများအနေဖြင့် ကြုံလာရမည့်အခြေအနေအရပ်ရပ်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန က ထုတ်ပြန်တဲ့ ပဋိပက္ခတွေအတွင်း ဘေးအန္တရာယ်အတွက် ပြည်သူလူထုအနေနဲ့ ကြိုတင်ပြင်ဆင်ထားရမယ့် အချက်များအတိုင်း ကြိုတင်ပြင်ဆင်ထားကြရန်၊ PDF (Kalay) တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန်လည်း PDF (Kalay) ယနေ့ညထုတ်ပြန်သော ကြေညာချက်တွင်ဖော်ပြထားသည်။