(006SV)
ဗိုလ်ချုပ်ထွန်းမြတ်နိုင် အပါအဝင် ULA/ AA ထိပ်ပိုင်းခေါင်းဆောင်များနှင့် ချင်းညီနောင် (CB) အဖွဲ့တို့ တွေ့ဆုံပြီး စစ်ရေး မဟာ မိတ်အပြင် နိုင်ငံရေးနှင့် စီးပွားရေး မဟာမိတ်အထိ ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ရေး ဆွေးနွေးနိုင်ခဲ့ သည်ဟု ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်က ပြောသည်။
ချင်းညီနောင်အဖွဲ့၏ ခေါင်းဆောင်များသည် ပြီးခဲ့သည့်အောက်တိုဘာလအတွင်း ရခိုင်ပြည်နယ်သို့ သွားရောက်ပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင် အပါအဝင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ထိပ်ပိုင်းခေါင်းဆောင်များ၊ အာရက္ခတပ်တော် (AA) ထိပ်ပိုင်းခေါင်းဆောင်များကို စုံစုံလင်လင်တွေ့ဆုံကာ ဆွေးနွေးနိုင်ခြင်းဖြစ်သည်ဟု နိုဝင်ဘာလ ၈ ရက်က ပြုလုပ်သော ချင်းညီနောင် ရန်ပုံငွေပွဲတွင် CB ပြောခွင့်ရက ပြောသည်။
“ပြီးခဲ့တဲ့လကပါ။ တွေ့ဆုံကြတာပါ။ ဆွေးနွေးကြတာပါ။ အဓိကက တော်လှန်ရေးနဲ့ ပတ်သက်လို့ စစ်ရေးမှာ ဘယ်လိုပူးပေါင်းကြမလဲ၊၊ ဘယ်လိုအပြန်အလှန် ကူညီကြမလဲ၊၊ အဓိကက စစ်ကောင်စီရဲ့ တန်ပြန်ထိုးစစ်လာနိုင်တာကို ခန့်မှန်းထားတယ်။ ပြင်ဆင်ထားကြတာပေါ့။ အဲဒီမှာ တွေ့ရတော့မှ စစ်ရေးမဟာမိတ်အပြင် နိုင်ငံရေးနဲ့ စီးပွားရေး မဟာမိတ်အထိ ပူးပေါင်းချိတ်ဆက်ဖို့ လူမျိုးချင်း အပြန်အလှန် ကူညီဖေးမကြဖို့ပါ” ဟု ဆလိုင်းယောမာန်က ပြောသည်။
စစ်အစိုးရ ခေတ်အဆက်ဆက်သည် ချင်းနှင့် ရခိုင်ကို ဝေးကွာနေအောင် လုပ်ထားပြီး ရခိုင်ပြည်နယ်နှင့် နီးကပ်သောကြောင့် လက်ရှိကာလတွင် စီးပွားရေး ပူးပေါင်းလုပ်ဆောင်နိုင်မှုနှင့် ကုန်သွယ်နိုင်မှုကိုလည်း ဆွေးနွေးသည်ဟု သိရသည်။
ချင်းညီနောင်အဖွဲ့၏ ရခိုင်ပြည်နယ် ခရီးစဉ်တွင် ULA/ AA ခေါင်းဆောင်များက ကူညီနိုင်မည့် အပိုင်းနှင့် ပူးပေါင်းဆောင်ရွက် နိုင်မည့်အပိုင်းတို့ကို စိတ်ဝင်တစား မေးမြန်းခဲ့ကြောင်း၊ ULA/ AA တာဝန်ရှိသူများက ဧည့်ဝတ်ကျေပွန်စွာ ဆက်ဆံပြီး ပြည်နယ်အဆင့် အလည်အပတ်ခရီးစဉ် (State Visit) ကဲ့သို့ ခံစားရသည်ဟု CB ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ယခုခရီးစဉ်တွင် AA ၏ တပ်တည်ဆောက်မှုအပိုင်းကိုသာမက ULA ၏ ပါတီနိုင်ငံရေး တည်ဆောက်မှုကိုလည်း လေ့လာ သင်ယူနိုင်ခဲ့ကြောင်း သိရသည်။
ချင်းညီနောင်အဖွဲ့သည် ရခိုင်ပြည်နယ်ကို ၂၀၂၃ ခုနှစ် အစောပိုင်းက သွားရောက်လည်ပတ်ခဲ့ဖူးပြီး လက်ရှိခရီးစဉ်တွင် မြို့ ၄ မြို့၊ ၅ မြို့အထိ သွားရောက်လေ့လာခွင့်ရရှိသည်ဟု သိရသည်။
ချင်းညီနောင်အဖွဲ့ (CB)သည် အမျိုးသားညီညွတ် ရေးအစိုးရ (NUG) ၊ ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) တို့ဖြင့် ဇူလိုင်လက KIO ဌာနချုပ်မှာ သီးခြားစီတွေ့ဆုံခဲ့၍ မဟာဗျူဟာကျကျ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ချင်းညီနောင်အဖွဲ့တွင် ချင်းအမျိုးသားကောင်စီ – မင်းတပ်/ CDF – မင်းတပ်၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF)၊ ဇိုမီးဖက်ဒရယ်အစည်းအရုံး -ZFU / PDF – Zoland၊ ချင်းကာကွယ်ရေးတပ် ကန်ပက်လက်/ CDF – ကန်ပကလက်၊ မတူပီတော်လှန်ရေးအဖွဲ့ချုပ် – MRO/ CDF – မတူပီ နှင့် မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/ MDF) တို့ပါဝင်သည်။

