(004SS)
အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ခိုလုံနေကြသော မြန်မာဒုက္ခသည်များ၏ ဒုက္ခသည် အဆင့်အတန်း သတ်မှတ်ခြင်း Refugee Status Determination (RSD) အင်တာဗျူးကို ဩဂုတ်လ ၈ ရက်နေ့ မနက်ဖြန်မှ စတင်ခေါ်ယူတော့မည်ဟု ချင်းဒုက္ခ သည်ကော်မတီ (CRC-New Delhi) က ယနေ့ညမှာထုတ်ပြန်သည်။
ချင်းဒုက္ခသည်ကော်မတီ၏ ဦးဆောင်မှုဖြင့် ဒုက္ခသည်အခွင့်အရေးရရှိနိုင်ရေးအတွက် နယူးဒေလီမြို့က UNHCR ရုံးရှေ့တွင် တစ်လကြာ ဆန္ဒဖော်ထုတ်ခဲ့ကြပြီးနောက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး UNHCR အကြီးအကဲ Chief of Mission နှင့် CRC ခေါင်းဆောင်များ မနက်ဖြန်တွင် သီးသန့်တွေ့ဆုံမည့်အပြင် RSD အင်တာဗျူးများလည်း စတင်လုပ် ဆောင်ရန် ညွှန်ကြားလာခြင်းဖြစ်သည်။
Refugee Status Determination (RSD) ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံမှ လာရောက်ခိုလှုံသူ (asylum seeker) တစ်ဦးသည် ၁၉၅၁ ခုနှစ် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအဖွဲ့၏ သဘောတူညီချက် (UN Refugee Convention) အရ ဒုက္ခသည် (refugee) အဖြစ် အသိအမှတ်ပြုခံရရေး လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိ၊ မရှိ ဆုံးဖြတ်သည့် လုပ်ငန်းစဉ်ဖြစ်သည်။
ယခုလက်ရှိတွင် နယူးဒေလီမြို့ကိုရောက်ရှိနေကြသော မြန်မာဒုက္ခသည်အများစုကို Asylum Seeker ခိုလုံခွင့်လျှောက်ထား သူအဆင့်သာသတ်မှတ်ထားပြီး UNHCR ရုံးဘက်မှ Refugee Status Determination (RSD) အတွက် အင်တာဗျူးခေါ်ယူ ခြင်းမရှိသည့်အတွက် ဒုက္ခသည်များအဖြစ် အသိအမှတ်ပြုမခံရသောကြောင့် များစွာသောအခက်အခဲများနှင့် ရင်ဆိုင်ကြုံ တွေ့နေကြရသည်။
UNHCR ရုံးသို့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရန် လျှောက်ထားသူများအနေဖြင့် မိမိတို့၏ ဖြစ်ရပ် (Case) များကို သတိပြုကြရန်နှင့် UNHCR မှခေါ်ဆိုမည့် ဖုန်းများကိုလည်း ဂရုစိုက်ကြရန် CRC က သတိပေးထားသည်။
သို့သော် အင်တာဗျူးခေါ်ဆိုခြင်းနှင့်ပါတ်သက်၍ မည်သို့သောအတိုင်းအတာဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးမည်ကိုမူ Chief of Mission နှင့် တွေ့ဆုံဆွေးနွေးပြီးမှသာ အတိအကျသိရှိရမည်ဟု CRC က ဆိုသည်။
နယူးဒေလီမြို့ရှိ မြန်မာနိုင်ငံသားများသည် ချင်းဒုက္ခသည်ကော်မတီ၏ ဦးဆောင်မှုဖြင့် ဇူလိုင်လ ၇ ရက်နေ့မှစ၍ UNHCR ရုံးရှေ့တွင် ဆန္ဒပြခဲ့ကြပြီး ယနေ့ ဩဂုတ်လ ၇ ရက်နေ့တွင် တလပြည့်ပြီဖြစ်သည်။
CRC ဉက္ကဌ မစုထွေးအောင်က “ကျွန်မတို့က Refugee Status ကို ငြိမ်းချမ်းစွာ သွားတောင်းတာ ဖြစ်တဲ့ အတွက် သူတို့လဲ ကျွန်မတို့ အခက်အခဲ ကို နားလည်တယ်။ အဲတွက်ကြောင့် မနက်ဖန် ချင်းအတွက် သီးသန့် မီတင်ကို စီစဉ်ပေးတာ ဖြစ်တယ်။ ကျွန်မတို့ဟာ international protection လိုတယ်။ အဲဒါရမှ ကျွန်မတို့ Basic Human Rights ကို ရမှာ။ အဲဒါကို ကျွန်မတို့ သေချာလေး Highlight လုပ်ပြီးတောင်းဆိုခဲ့တာပေါ့နော်။ အဲမှာ RSD Interview ရသင့်ရထိုက်တဲ့သူတွေ၊ resettlement ရသင့်ရထိုက်တဲ့ Data တွေကို CRC က သူတို့ကို share ပေးမှာ ဖြစ်ပါတယ်။ အဲဒါပြီးရင်တော့ သူတို့ ကို process လုပ်ဖို့ Implement လုပ်ဖို့ time frame တစ်ခုကို promise တောင်းရမှာပေါ့နော်။ သူတို့ဆီမှာ လူဦးရေရော၊ ဘတ်ဂျက်ရော လျှော့ချတယ်ဆိုတော့ သူတို့ရဲ့ capacity ဘယ်လောက်ရှိသလဲ ဆိုတဲ့ဟာပေါ် မူတည်ပြီးတော့မှ သူတို့ပြော လာတဲ့ possibility ကို စောင့်ကြည့်ရမှာပေါ့နော်” ဟု ပြောသည်။
ယခုအခါ မြန်မာဒုက္ခသည်များသည် UNHCR နှင့် တိုက်ရိုက်ဆွေးနွေးညှိနှိုင်းမှုများ စတင်လုပ်ဆောင်နေပြီဖြစ်ရာ၊ နှစ်ဖက်စလုံးအနေဖြင့် အပြန်အလှန်လေးစားမှုဖြင့် ဆန္ဒပြမှုကို ခေတ္တရပ်ဆိုင်းထားမည်ဖြစ်ပြီး UNHCR ၏ ဖြည့်ဆည်းဆောင်ရွက်ပေးမှုအပေါ် မူတည်၍ လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။
ကြိုတင်သဘောတူညီချက်အရ ယနေ့ ဩဂုတ် ၇ ရက်နေ့တွင် Chief of Mission အပါအဝင် တာဝန်ရှိသူများနှင့် ချင်းဒုက္ခသည်ကော်မတီ (CRC) ဦးဆောင်သူများ ဆွေးနွေးရန် စတင်ချိန်တွင် Chief of Mission မှ ၎င်း၏ လုံခြုံရေးကို အကြောင်းပြကာ အစည်းအဝေးကိုဖျက်သိမ်းခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံသားများမှ လိုလားချက်များကို ဆက်လက်တောင်းဆိုခဲ့ကြပြီး UNHCR နှင့် SLIC တာဝန်ရှိသူများက နယ်မြေခံရဲတပ်ဖွဲ့ကိုခေါ်ကာ လူစုခွဲရန်ကြိုးစားခဲ့ကြသည်။
သို့သော် CRC ဦးဆောင်သူများနှင့် ရဲတပ်ဖွဲ့ညှိနှိုင်းချက်အရ ၎င်းတို့၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် Chief of Mission နှင့် ပြန်လည်တွေ့ဆုံခွင့်ရခဲ့ကြောင်း သိရသည်။
“ကျွန်မတို့က အန္ဒိယအစိုးရကို လာပြီး ဆန့်ကျင်တာ မဟုတ်သလို UNHCR ကိုလဲ လာပြီး ဆန့်ကျင်တာမဟုတ်ဘူး။ ကျွန်မတို့ အသံကို ကြားပေးပါဆိုပြီးပဲ လာပြောတာပေါ့နော်။ ဒါပေမဲ့ UNHCR က သူတို့ရဲ့ Security concern ကို အကြောင်းပြပြီးတော့မှ ဒီမှာ ရဲအင်အားကို လာသုံးတယ်။ ဒါပေမဲ့ ကျွန်မတို့က ဉပဒေဘောင်အတွင်းမှာ လာပြီး အလုပ်လုပ်နေတာ ဖြစ်တဲ့အတွက် ရဲတွေကလဲ ကျွန်မတို့ကို ဖမ်းဆီးတာ၊ နှိပ်စက်တာ ဘာမှ လုပ်လို့မရဘူး။ အမှန်တိုင်း ပြောရရင် ဒီ Vikaspuri ရဲမင်းကြီးကလဲ ကျွန်မတို့ကို တော်တော်လေး နားလည်ပေးတယ်။ အဲတွက်ကြောင့်မို့ သူနဲ့ ကျန်မတို့နဲ့ကြားမှာ ကောင်းကောင်း negotiation လုပ်ပြီး Chief of Mission နဲ့ ဒုတိယအကြိမ်တွေ့ခွင့်ရတာလဲ ဖြစ်တယ်။ ဒါကြောင့် ရဲတွေကလဲ ကျွန်မတို့အသံကို နားလည်ပေးတဲ့အတွက်ကြောင့် ကျေးဇူးလဲ တင်တယ်” ဟု မစုထွေးအောင်က ပြောသည်။
အိန္ဒိယနိုင်ငံသည် ၁၉၅၁ ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းကို လက်မှတ်မရေးထိုးထားသောနိုင်ငံဖြစ်ပြီး ဒုက္ခသည်ဥပဒေလည်း မရှိသောကြောင့် ယခုကဲ့သို့ ဆန္ဒထုတ်ဖော်ရန် ဦးဆောင်ရာတွင် Chin Refugees Committee အနေဖြင့် အခက် အခဲများစွာရင်ဆိုင်ခဲ့ရကြောင်း သိရသည်။
လက်ရှိ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် ခိုလှုံနေသော မြန်မာဒုက္ခသည် ၁၂,၀၀၀ ဝန်းကျင်ရှိသည့်အနက် ၅ ရာခိုင်နှုန်း ဝန်းကျင်သည်သာ ဒုက္ခသည်အဖြစ် သတ်မှတ်ခံရပြီး ၉၅% သည် Asylum seekers ကဒ်ကိုသာ ကိုင်ဆောင်ထားသူများ ဖြစ်ကြသည်။