ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်- ZCD က နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြန်လည်လျှောက်ထားချက်ကို စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ငြင်းပယ်လိုက်သည်ဟု သိရသည်။
နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒမ ၆ ပါပြဠာန်းချက်များနှင့် ညီညွတ်ခြင်းမရှိဟုဆိုကာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စုံညီအစည်းအဝေးဆုံးဖြတ်ချက်အရ ငြင်းပယ်လိုက်ခြင်းဖြစ်သည်ဟု ဩဂုတ်လ ၅ ရက်နေ့မှာ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပြီး ယခင်ရှိနေသောနိုင်ငံရေးပါတီများကို ပြန်လည်မှတ်ပုံတင်ခိုင်းခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း ပါတီမှတ်ပုံပြန်မတင်သည့် နိုင်ငံရေးပါတီများ အလိုအလျောက်ပျက်ပြယ်မည်ဖြစ်ကြောင်းကြေညာခဲ့သည်။
ZCD ပါတီဟာ ချင်းနိုင်ငံရေးပါတီများထဲမှာ ပထမဦးဆုံး ပါတီမှတ်ပုံတင် ပြန်လည်လျှောက်ထားသည့် ပါတီဖြစ်သည်။
ကျန်ချင်းနိုင်ငံရေးပါတီများဖြစ်ကြသော ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD)၊ တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီ၊ ဇိုတိုင်းရင်းသားဒေသဖွံ့ဖြိုးရေပါတီ၊ ချင်းတိုင်းရင်းသားများပါတီ၊ အရှိုချင်းအမျိုးသားပါတီတို့မှာ စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်ထံ နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်းခြင်း မရှိခဲ့ကြပေ။
ZCD ပါတီဟာ ZNC ပါတီအမည်ဖြင့် ၁၉၉၀ ရွေးကောက်ပွဲတုန်းက တီးတိန် နှင့် တွန်းဇံမြို့နယ်မှာအနိုင်ရရှိခဲ့ပြီး၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ချင်းပြည်နယ်တွင် မဲဆန္ဒနယ်မြေ ၆ နေရာ၊ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်မြေ ၂ နေရာ အသီးသီးအနိုင်ရရှိခဲ့သည်။