ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့တွင် စက်တင်ဘာလ ၂၀ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Kanpetlet တပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၅ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု CDF-Kanpetlet တပ်ဖွဲ့က ထုတ်ပြန်သည်။
Chinland Defense Force-Kanpetlet တပ်ဖွဲ့ဝင်များသည် စက်တင်ဘာလ ၁၁ ရက်နေ့ကစ၍ ၎င်း၏ ထိန်းချုပ်နယ်မြေ နယ်စပ်နေရာများသို့ နယ်မြေရှင်းလင်းရေးပြုလုပ်ခဲ့ကြရာတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် စက်တင်ဘာလ ၂၀ ရက်နေ့ ညနေပိုင်း ၃ နာရီမှ ၄ နာရီအကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်းဖြစ်သည်။
ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၅ ဦးထက်မနည်းသေဆုံးနိုင်ပြီး အလောင်း ၃ လောင်းကို ပြန်တမ်းဖြင့် သင်္ဂြိုဟ်ပေးခဲ့သည်ဟု CDF-Kanpetlet တပ်ဖွဲ့ကဆိုသည်။
တိုက်ပွဲအပြီး နယ်မြေရှင်းလင်းမှုပြုလုပ်စဉ် MA ကျည် – ၂၀၁ တောင့်၊ 40mm – ၃လုံး၊ ကျည်ကာ-တစ်ခုတို့ကို သိမ်းဆည်းရမိခဲ့ပြီး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု CDF-Kanpetlet က ထုတ်ပြန်ထားသည်။
အလားတူ မင်းတပ်မြို့တွင်လည်း စက်တင်ဘာလ ၂၁ ရက်နေ့က မင်းတပ်မြို့နယ်မြေခံတပ်ရင်း ခလရ ၂၇၄ တပ်ရင်းထဲကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု ရှိ/မရှိကိုမူ မသိရသေးကြောင်း CDF-Mindat က ထုတ်ပြန်သည်။