ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင် အောက်တိုဘာလ ၂၀ ရက် ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် CDF-Kanpetlet တပ်ဖွဲ့တို့ မြို့တွင်း နှစ်နေရာတွင် ထိတွေ့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်ဖက်မှ ၄ ဦးသေဆုံးခဲ့သည့်အပြင် အများအပြား ထိခိုက်ဒဏ်ရာရမည်ဖြစ်သည်ဟု CDF- Kanpetlet တပ်မမှုးက ပြောသည်။
“မြို့အတွင်းမှာ မနက် ၇ နာရီကတည်းကနေ ၁၂ နာရီအထိ တိုက်ပွဲက ပြင်းထန်နေတယ်။ ကျွန်တော်တို့ သေချာအတည်ပြုနိုင်တာက ၄ ယောက်ပဲရှိတယ်။ ဒါပေမယ့် တခြား ထိခိုက်ဒဏ်ရာရတဲ့သူတွေ ရှိနိုင်တယ်လို့ ယူဆလို့ရတယ်၊ ကျွန်တော်တို့ဖက်ကတော့ ထိခိုက်မှုမရှိဘူး” ဟု CDF-Kanpetlet တပ်မမှုးက ပြောသည်။
ယမန်နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသည့် ပညာရေးရုံးနှင့် ထွေအုပ်ရုံးတို့တွင် CDF-Kanpetlet တပ်ဖွဲ့ဝင်များမှ ဝင်ရောက်ပစ်ခဲ့ကြခြင်းဖြစ်သည်။
၎င်းအပြင် အထိနာသော စစ်ကောင်စီတပ်ဖွဲ့ဖက်မှ ကန်ပက်လက်မြို့အတွင်းသာမက အနီးအနား ကျေးရွာများအထိ လက်နက်ကြီးများဖြင့် တရစပ်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြပြီး လူနေအိမ်များ ထိခိုက်မှုများရှိနိုင်သည်ဟု သိရသည်။
စစ်ကောင်စီတပ်သည် မဆင်မခြင်လက်နက်ကြီးပစ်ခတ်ခြင်းနှင့် လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရှိလာနိုင်သောကြောင့် ကန်ပက်လက်မြို့ နယ်အတွင်း ကျေးရွာများအနေဖြင့် ကြိုတင်ပုန်းခိုကျင်းတူးဖော်ပြင်ဆင်ရန် လိုအပ်ကြောင်း ၎င်းတပ်မမှုးက ဆက်ပြောသည်။
“အခုတလောမှာ သူတို့ဖက်က အထိအခိုက်ရှိတယ်ဆိုရင် လေကြောင်းသုံးတာများတယ်၊ တခြားဒေသတွေမှာပေါ့၊ ကျွန်တော်တို့စီမှာတော့ မရှိပေမယ့်လည်း မသုံးဘူးလို့ ပြောလို့မရဘူး၊ မနေ့ကလည်း သူတို့က လက်နက်ကြီးက တရစပ်ပစ်နေတာ မြို့အနီးအနားကျေးရွာတွေဖက် မလိုအပ်ပဲနဲ့ မဆင်မခြင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိခိုက်တာတွေရှိတဲ့အတွက်ကြောင့် ကြိုတင်တူးဖော်ဖို့ တိုက်တွန်းထားတာပါ။” ဟု CDF-Kanpetlet တပ်မမှုးက ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နှင့် ၁၆ ရက်က စစ်ကောင်စီတပ်ဖွဲ့သည် ကျင်ဒွေးမြို့တွင် ထောက်ပို့ရဟတ်ယာဉ်တစ်စီးဖြင့် လက်နက်ခဲယမ်းများကို နှစ်ကြိမ်နှင့် ကန်ပက်လက်မြို့တွင် လက်နက်အင်အား၊ လူအင်အားများ ဖြည့်တင်းခြင်းနေမှုများရှိသည်ဟု သိရသည်။