(06SV)
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ချင်းပူးပေါင်းတပ်တို့ ကန်ပက်လက် မြို့အောက်ဘက်၊ မြတ်နိုးသူအကွေ့အနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီမှ ၅ ဦး သေဆုံးပြီး ချင်းပူးပေါင်း တပ်က ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ကန်ပက်လက်မြို့နယ်သို့ စစ်ကြောင်း (၂) ကြောင်းထိုးနေရာမှ ဆောမြို့နယ်ဘက်မှ ကန်ပက်လက်မြို့သို့ အင်အား ၁၇၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေး ပူပေါင်းတပ် (CDF) တို့ ဇူလိုင်လ ၁၉ ရက် ညနေပိုင်း ၆ နာရီခန့်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ချင်းကာကွယ်ရေးတပ် – ကန်ပက်လက်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုတိုက်ပွဲတွင် စစ်ကောင်စီမှ ၅ ဦး သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိသူများ ရှိပြီး ချင်းကာကွယ်ရေးတပ် – ကန်ပက်လက်မှ ရဲဘော် ၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ တချို့ရဲဘော်များမှာ ဒဏ်ရာ ပြင်းထန်သည်ဟု သိရသည်။
“ကျမတို့ ကန်ပက်လက်က နယ်မြေကျဉ်းတယ် လူဦးရေနည်းတယ်ဆိုပေမဲ့ အားလုံးစုစုစည်းစည်းနဲ့ စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းနေတာ တော်လှန်ရေးအစကတည်းကနေ ခုထိပါပဲ။ ကျမတို့ဘက်က လက်နက် ငွေကြေး အားနည်းပေမဲ့ ဒီလို စစ်မျက်နှာ ၂ နေရာနဲ့ တပြိုက်နက် ထိုးစစ်ဆင်တာကို ခုထိလည်း ထိန်းထားနိုင်တယ်၊၊ ဆက်ပြီး တော့လည်း တိုက်နေမှာဆိုတော့ ရဲဘော်တွေ အားတက်အောင် အဓိက ကျည်နဲ့ ခဲယမ်း ရိက္ခာပိုင်း ထောက်ပို့ ပေးကြ ဖို့ပဲ လိုနေပါတယ်” လို့ CDF – ကန်ပက်လက်က တာဝန်ရှိသူက ပြောသည်။
မကွေးတိုင်း၊ လောင်းရှည်မှ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့သို့ အင်အား ၃၀၀ ခန့်၊ သံချုပ်ကာကား (၂)စီး၊ JCV ကားတစ်စီး နှင့် စစ်ကား ၂၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေမှုကို ချင်းကာကွယ်ရေးတပ်နှင့် ပြည်သူကာကွယ်ရေး တပ်တို့ ပူးပေါင်းတိုက်ခိုက်နေပြီး စစ်ကောင်စီမှ ၂၀ နီးပါး ကျဆုံးနေကာ ဒဏ်ရာရရှိသူများပြားကြောင်း သိရသည်။
စစ်မျက်နှာ နှစ်ခုက တိုက်ပွဲများတွင် ချင်းကာကွယ်ရေးတပ် – CDF မှာလည်း ရဲဘော်တချို့ ထိခိုက်ဒဏ်ရာ ရရှိထားရာ တချို့မှာ ဒဏ်ရာပြင်းထန်သည်ဟု သိရသည်။
ချင်းကာကွယ်ရေးတပ်- ကန်ပက်လက်နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များ၏ လိုအပ်ချက်တချို့ကို လုံလောက်စွာ မဖြည့် ဆည်းပေးနိုင်သည့်အပြင် နေ့စဉ်တိုက်ပွဲမှာ မဖြစ်မနေ သုံးစွဲနေရသော ဓါတ်ဆီကိုပင် အကြွေးဖြင့် ဝယ်ယူ နေရသည်ဟု CDF- ကန်ပလက်၊ ခေါ်နူးတပ်ရင်းမှ ထုတ်ပြန်ထားသည်။
ချင်- မကွေး အစပ်ရှိ အရပ်သားပြည်သူများ သုံးထောင်နီးပါးခန် စစ်ဘေးရှောင်နေရပြီး ၎င်းတို့ထဲမှ နှစ်ထောင်နီးပါးသည် ကန်ပက်လက်မြို့နယ်အတွင်း စစ်ဘေးရှောင်နေရကာ စစ်ရှောင်တချို့ ဖျားနာနေသောကြောင့် ဆေးဝါးအကူအညီများ လိုအပ်နေကြောင်း၊ စားနပ်ရိက္ခာနှင့် အမိုးအကာများလည်း အရေးပေါ် လိုအပ်နေကြောင်း သိရသည်။