(006SV)
ချင်းတောင်ပိုင်းနှင့် မကွေးကို ဆက်သွယ်ထားသည် ကန်ပက်လက်- ဆောလမ်းမကြီး၏ တချို့နေရာများတွင် လမ်းပြိုကျ ပျက်စီးပြီး ပြည်သူများ ဒုက္ခရောက်နေသောကြောင့် ငွေကြေးအကြွေးယူ၍ လမ်းများပြုပြင်ပေးနေရသည် ဟု CDF- ကန်ပက်လက်၊ တူမီးတပ်ရင်းမှ တာဝန်ရှိသူက ပြောသည်။
ပြီးခဲ့သည့် လက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဆော- ကန်ပက်လက်လမ်းမကြီ၏ တချို့နေရာများတွင် ပြိုကျပျက်စီးမှုများ ဖြစ်ပွားခဲ့ပြီး ယခုရက်ပိုင်းအတွင်း ပြုပြင်နေသောကြောင့် မနက်ဖြန် အောက်တိုဘာ ၁၉ ရက်မှစ၍ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း တူမီးတပ်ရင်းမှ တာဝန်ရှိသူက ပြောသည်။
“အဓိက ဒီလမ်းက ကန်ပက်လက်ပြည်သူတွေ အကုန်လုံးအသုံးပြုနေတဲ့ လမ်းဖြစ်တဲ့အတွက်ကြောင့် ငွေရေးကြေးရေးရှိလို့ ကျနော်တို့ ပြင်ပေးတာလည်း မဟုတ်ဘူး။ ပြည်သူတွေရဲ့ အခက်အခဲကို မကြည့်ရက်လို့ ဒီအတိုင်း အကြွေးနဲ့ပဲ ပြင်နေတာပါ။ ပူးပေါင်းနိုင်တဲ့ ပြည်သူတွေကလည်းပူးပေါင်းပေးပေါ့နော်” ဟု တူမီးတပ်ရင်းက တာ၀◌န်ရှိသူကပြောသည်။
ပြီးခဲ့သည့် လက မိုးအဆက်မပြတ်ရွာသွန်းပြီး ဆော- ကန်ပက်လက်လမ်းမပေါ်တွင် ပြိုကျပျက်စီးမှု တချို့ကြောင့် ကုန်တင်ယာဉ် နှင့်ခရီးသည်တင်ယာဉ်များ တစ်ပတ်ကျော် ရပ်ဆိုင်းခဲ့ရကာ ပြည်သူများ၊ အရေးပေါ်လူနာများအတွက် အခက်အခဲကြုံခဲ့ရသည်ဟု သိရသည်။
CDF- ကန်ပက်လက်၊ တူမီးတပ်ရင်းက ကန်ပက်လက်- ဆောလမ်းကို ၃ ရက်ကြာ ပြုပြင်နေမှုတွင် မြေတူးစက်ကြီးအတွက် နာရီကြေးနှင့် ဒီဇယ်ဆီတို့ကို အကြွေးများ ယူ၍ လုပ်ဆောင်နေရပြီး စုစုပေါင်းကုန်ကျစရိတ်မည်မျှဆိုသည်ကို မတွက်ချက်ရ သေးကြောင်း တာဝန်ရှိသူ ပြောသည်။
ကန်ပက်လက်- ဆော လမ်းမကြီး၏ လမ်းပိုင်းတစ်နေရာတွင် ကတ္တရာပျောက်အောင် ပြိုကျသွားပြီး တခြားတစ်နေရာမှာ အက်ကြောင်ထ နိမ့်ဆင်းသွားသောကြောင့် ဆိုင်ကယ်ဖြတ်လျှင်ပင် တုန်ခါနေသည်ဟု သိရသည်။
ယင်းလမ်းပိုင်း ပျက်စီးမှုကြောင့် ကန်ပက်လက်မြို့နယ်မှ ပြည်သူများမှာ အခြေခံစားသောက်ကုန်ပစ္စည်းများကို ဆိုင်ကယ်များဖြင့် ခက်ခဲစွာ သယ်ယူနေရသည်ဟု သိရသည်။
ဆော-ကန်ပက်လက်လမ်းမကြီး ပျက်စီးမှုတွင် မကွေးတိုင်းဘက်က ပိုမိုပျက်စီးမှုများခဲ့ပြီး ကန်ပက်လက်မြို့နယ်ဘက် ပျက်စီးမှု ပိုနည်းခဲ့ကာ သက်ဆိုင်ရာ မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့များက တာဝန်ယူပြီး လမ်းများကို ပြုပြင်ပေးစေချင်သည်ဟု တူမီးတပ်ရင်းက တာဝန်ရှိသူက ပြောသည်။