(006SV)
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ လွန်ဒုံကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ်ပြုလုပ်ရာ သက်ကြီးအမျိုးသားတစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ (၂) ဦးရှိခဲ့ကြောင်း ကန်ပက်လက် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ စုံစမ်းသိရှိရသည်။
“ပထမအကြိမ် လာချတာ ရွာလယ်ထဲ တစ်ကြိမ်ကျတယ်၊၊ ပြီးမှ နောက်တကျော့ပြန်လာချတာ၊ အဲတာမှ တလုံးရွာထဲ၊ တလုံးရွာပြင် ထပ်ကျတယ်။ အသက် ၆ဝ ကျော် အဘိုးတယောက် ခြေထောက်ပြတ်သွားတယ်၊ သက်လတ်ပိုင်းအမျိုး သမီးတစ်ယောက်ကျ လက်ကျိုးတယ် ညာဘက်လက်မပြတ်သွားတယ်၊ ပြီးရင် အမျိုးသမီးငယ်လေး တစ်ယောက် ဗုံစ မှန်တယ်” ဟု ကန်ပက်လက်မြို့မှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တာဝန်ရှိသူက ပြောသည်။
ယမန်နေ့ ဧပြီလ ၂၈ ရက် ၁ နာရီခွဲခန့်က စစ်ကောင်စီသည် ဂျက်ဖိုက်တာ (၂) စီးဖြင့် လွန်ဒုံးကျေးရွာကို ဗုံး (၃) လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အသက် ၆၈ နှစ်အရွယ် အမျိုးသား (၁) ဦးမှာ ခြေထောင်ပြတ်သွားကာ ညနေ ၃ နာရီ ၄၅ မီနစ်တွင် ၎င်းဒဏ်ရာဖြင့် ဆုံးပါးသွားကြောင်း သိရသည်။
အသက် ၄၅ နှစ်အရွယ် အမျိုးသမီး (၁) ဦးတို့မှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပြီး အသက် ၁၈ နှစ်အရွယ် အမျိုးသမီး (၁) ဦးမှာ ဒဏ်ရာများ ရရှိခဲ့ကာ မစိုးရိမ်ရကြောင်း သိရသည်။
လွန်ဒုံရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ ဖွင့်လှစ်ထားခြင်း မရှိသည့် ဆေးပေးခန်း (၁) ဆောင်၊ ကျောင်းဆောင် (၁) ဆောင်၊ ဝန်ထမ်းအိမ် (၂) လုံး နှင့် အရပ်သားနေအိမ် ၄ လုံးမှာ လုံးဝပျက်စီးသွားခဲ့ကြောင်း၊ လွန်ဒုံရွာနှင့် လွန်ဒုံအောက်ရွာတို့မှာ ဒေသခံများမှာ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို ကြောက်လန့်၍ ရွာအတွင်း မနေရဲတော့ဘဲ စစ်ဘေးရှောင်နေရကြောင်း သိရသည်။
လွန်ဒုံကျေးရွာမှာ အိမ်ခြေ ၃၀ ကျော်ခန့်သာရှိသော ကျေးရွာငယ်ဖြစ်ပြီး တိုက်ပွဲဖြစ်ပွားခြင်း မရှိကြောင်း၊ ယင်းမှာ အရပ်သားပြည်သူများကို ဦးတည်၍ လေကြောင်းတိုက်ခိုက်ခြင်းကြောင့် စစ်ရာဇတ်မှု ကျူးလွန်ခြင်း ဖြစ်ကြောင်း ကန်ပက်လက်က ထုတ်ပြန်ထားသည်။
စစ်ကောင်စီသည် ကန်ပက်လက်မြို့နယ်၊ ဖျန်ချောင်းကျေးရွာကို ဧပြီလ ၃ ရက်က လေကြောင်းတိုက်ခိုက်မှု (၁) ကြိမ်၊ အုံကျေးရွာ၊ လွီးစုံကျေးရွာ၊ ကောက်ဆောင်းကျေးရွာများကို ဧပြီလ ၁၇ ရက်က လေကြောင်းတိုက်ခိုက်မှု (၁) ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများသည် စာသင်ကျောင်း၊ ဆေးပေးခန့် စသည့်နေရာများကို ပစ်မှတ်ထားခဲ့သောကြောင့် ဒေသခံပြည်သူများအနေဖြင့် ယင်းနေရာများမှ တိမ်းရှောင်ခြင်းများ ပြုလုပ်ရန် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က အသိပေးနှိုးဆော်နေသည်။
ထို့အပြင် ဒေသခံပြည်သူများအနေဖြင့် ဗုံးခိုကျင်းများ တူထားရန်၊ လေကြောင်းရန် အန္တရာယ်ကာကွယ်ခြင်းများကို ကြိုတင်ဆောင်ရွက်ထားရန် နှင့် မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ကို အချိန်နှင့် တပြေးညီ ချိတ်ဆက်ဆောင်ရွက်ခြင်းများ ပြုလုပ်ကြရန် သတိပေးနှိုးဆော်နေကြောင်း သိရသည်။