စစ်ကိုင်းတိုင်း ကလေးမြို့တွင် ယနေ့နံနက်ပိုင်းက ကင်းလှည့်နေသောစစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး ကျည်ဆံထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ယနေ့နံနက်ပိုင်း ၇ နာရီခွဲခန့်က ကလေးမြို့ကြို့သုံးပင်ရပ်ကွက် ဗိုလ်ချုပ်လမ်းအတိုင်း ကင်းလှည့်သွားလာနေသော စစ်ကောင်စီတပ်ဖွဲ့ကား ၂ စီးကို PDF (Kalay) ၏ မြို့ပြပျောက်ကျားစစ်ဆင်ရေးတပ်ဖွဲ့က ဆင်ရွာလမ်းခွဲအနီးတွင် မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ မိုင်းဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့သည် အနီးနားပတ်ဝန်းကျင်ကို မိနစ် ၃၀ ခန့် ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ဆယ်ကျော်သက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီး ၂ ဦး ဒါဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ဒါဏ်ရာရရှိသူတစ်ဦးဖြစ်သည့် အသက် ၁၈ နှစ်အရွယ် မောင်တွောလ်ဆွမ်းပေါင်သည် သင်တန်းတက်ရန်သွားနေစဉ် ခြေထောက်တစ်ဘက်တွင် ကျည်ထိမှန်ခဲ့ပြီး အသက်အန္ဓာရယ်မစိုးရိမ်ရကြောင်း ဒေသခံတစ်ဦးကပြောသည်။
“သင်တန်းတက်ဖို သွားနေတာ သူ့ခြေသလုံးမှာ သေနတ်မှန်ထားတယ်၊ ဒါတောင် ကလေးက သူငယ်ချင်းတွေစတယ် ထင်လိုက်သေးတယ်၊ ကျည်ဆံကိုတော့ ချက်ချင်းထုတ်လိုက်နိုင်တယ် အနာကိုဆေးထဲ့ပြီး သင်တန်းဆက်တက်နိုင်တယ်၊ ဆိုတော့ ဒါဏ်ရာကတော့ မစိုးရိမ်ရဘူး။” ဟု ဒေသခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့၏ သေနတ်ရမ်းသမ်းပစ်ခတ်မှုကြောင့် ဆိုင်ကယ်စီးနေသော အမျိုးသမီးတစ်ဦးလည်း မေးရိုးရှပ်ထိ၊ ဘယ်ပုခုံးကျည်ဖောက်ဒဏ်ရာရရှိကာ အခင်းဖြစ်ပွားရာအနီးက Denko ဆီဆိုင်စောင့်အမျိုးသမီးတစ်ဦးသည်လည်း ခြေထောက်ကျည်ထိမှန်ခဲ့သည်ဟု သိရသည်။
ထို့အပြင် နေအိမ်နှစ်လုံး ကျည်ထိပြီး နေက်အိမ်တစ်လုံးမှာ မိုင်းထိကာ အနည်းငယ် ပျက်ဆီးမှုရှိသည်ဟု သိရသည်။
ယနေ့နံနက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု Kalay (PDF) ကထုတ်ပြန်သည်။
ကလေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များ ၎င်းတို့အခြေစိုက်ရာနေရာမှ ပြင်ပသို့ခြေတလှမ်းရွေ့ကတည်းက PDF တပ်ဖွဲ့များက သတင်းထောက်လှမ်းသိရှိထားပြီး အချိန်မရွေး ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ရန် ပြင်ဆင်ထားသည့်အတွက် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့များကို အထူးသတိပြု ကြိုတင်ရှောင်ရှားကြရန် မေတ္တာရပ်ခံကြောင်း PDF (Kalay) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Photo – Zalen