စစ်ကိုင်းတိုင်း၊ ကလေးမြို့ ရထားဘူတာ သံလမ်းအနီးတွင် မူးယစ်ဆေးအသုံးလွန်၍ သေဆုံးနေသော အသက် ၁၇ နှစ်အရွယ် ချင်းလူငယ်တစ်ဦး၏ ရုပ်အလောင်းကို ယနေ့ တွေ့ရှိခဲ့ကြသည်ဟု သိရသည်။
သေဆုံးသူသည် ချင်းပြည်နယ် တီးတိန်မြို့နယ် Tauleng ရွာမှ ယခုကလေးမြို့နယ် အိတ်စွတ်ကျေးရွာတွင်နေထိုင်သူ မောင်ဆုမ်ရှန်းမုန်ဟုသိရပြီး သူ၏လက်မောင်းတွင် ဆေးထိုးအပ်တန်းလန်းစိုက်ထားသည်ဟု သိရသည်။
“အနာဂတ်အတွက် အားကိုးရမယ့် လူငယ်လေးတွေ ဒီလိုမူးယစ်နွံထဲမှာ နစ်မြုပ်သွားတာ တကယ်ရင်နာဖို့ကောင်း၊ ခေတ်ကိုက မကောင်းတော့၊ အာဏာသိမ်းမှုဖြစ်ပွားတဲ့နောက်ပိုင်းမှာ ပိုပိုဆိုးလာတယ်ဗျာ၊ တကယ်စိတ်မကောင်းဘူး” ဟု ကလေးမြို့ဒေသခံတစ်ဦးက ပြောသည်။
ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းက Zomi Youth Association – Headquarter မှ လူနာတင်ကားဖြင့် သွားရောက်သယ်ယူကြပြီး ယနေ့မွန်းလွဲပိုင်း ၂ နာရီခန့်က သဂြိုလ်ခဲ့ကြသည်ဟု သိရသည်။