(004SS)
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် ဆက်သွယ်ရေးအော်ပရေတာ MPT ဖုန်းလိုင်းတခုသာရရှိပြီး ဖုန်းငွေဖြည့်ကဒ်များကို ဈေးပိုပေးကာ ဝယ်ယူနေရကြောင်း ဒေသခံများထံမှ သိရသည်။
ဧပြီလကုန်၊ မေလဆန်းပိုင်းမှစတင်ကာ MPT ဖုန်းလိုင်းတခုတည်းသာရပြီး အခြားသော ဆက်သွယ်ရေးဖုန်းလိုင်းများနှင့် အင်တာနက်လိုင်းများ အားလုံးပြတ်တောက်နေခြင်းဖြစ်ကာ MPT ဖုန်းငွေဖြည့်ကဒ် ၁၀၀၀ ဖိုးကို ၁၂၀၀ ပေးကာ ဝယ်ယူနေရသည်ဟု ကလေးမြို့က ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။
“အခုက ကလေးမြို့မှာ MPT လိုင်းတခုပဲရတယ်။ ဒါတောင် ဖုန်းလိုင်းက မကောင်းချင်ဘူး။ ဒါပေမဲ့ MPT ပဲရတယ်ဆိုတော့ အဲဒါပဲ သုံးကြပြန်တော့အခု ဖုန်ဘေလ်ငွေ ၁၀၀၀ တန်ကဒ်ကို ၁၁၀၀၊ ၁၂၀၀ ပေးပြီး ဝယ်ယူနေရတယ်။ ဒါတောင် မြို့ထဲမှာ ဝယ်စရာမရှိတော့ဘူး။ ကျွန်မတို့ကတော့ Kpay နဲ့ပဲ ဖြည့်ကြတော့ အဆင်ပြေသေးတယ်” ဟု ဒေသခံအမျိုးသမီးက ပြောသည်။
အခြားသော ဆက်သွယ်ရေးလိုင်းများဖြစ်သည့် Oreedoo, Atom နှင့် Mytel အောပရေတာများသည် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများအားလုံး သုံး၍မရသေးပေ။
ထို့အပြင် ကလေးမြို့တွင် MPT ဖုန်းလိုင်းတခုတည်းသာ အသုံးပြုနေကြရတာကြောင့် MPT ဆင်းကဒ်များမှာလည်း ၁,၅၀၀ ကျပ်တန် ဆင်းကဒ်တစ်ကဒ်ကို ယခုတွင် ၄၅,၀၀၀ ကျပ်ဖြင့် ဝယ်ယူနေရကြောင်းလည်း သိရသည်။
“MPT simcard က အရင် ၁,၅၀၀ ကနေ ၃,၀၀၀, ၅,၀၀၀ကနေ အခုဆိုရင် ၄၀,၀၀၀၊ ၄၅,၀၀၀ အဲလိုရောင်းကြတာပေါ့နော်။ တော်တော်များများကလဲ MPT ကဒ်ပဲ လိုက်ဝယ်နေကြတာ၊ အဲလိုဆိုတော့လေ ဝယ်လိုအားများတော့ ကဒ်ကပြတ်တော့ ဈေးက တောက်လျှောက် တက်တာပေါ့နော်” ဟု ကလေးမြို့ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
သို့သော် MPT ဆင်းကဒ်သည်လည်း ဖုန်းဆက်သွယ်ရန်သာ အသုံးပြုလို့ရသည့်အပြင် ဖုန်းလိုင်းမကောင်းကြောင်း၊ MPT ဖိုင်ဘာအင်တာနက်လိုင်းများမှာလည်း အသုံးပြုသူများပြားခြင်းကြောင့် လိုင်းဆွဲအားမကောင်းပဲ အသုံးပြုအဆင်မပြေ ကြောင်း ဒေသခံများကပြောသည်။
ကလေးမြို့တွင် မကြာခဏဆိုသလို ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်လျက်ရှိနေပြီး ပြီးခဲ့သည့် ဧပြီလယ်ပိုင်းတွင်လည်း ဆက်သွယ်ရေး ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ၁၀ ရက်ကျော်ကြာ ပြတ်တောက်ခဲ့သည်။
အလားတူ ချင်းပြည်နယ်တခုလုံးတွင်လည်း ဆက်သွယ်ရေးအော်ပရေတာ ဖုန်းလိုင်းအားလုံးနှင့် ဖိုင်ဘာအင်တာနက် လိုင်းများအားလုံး ပြတ်တောက်လျက်ရှိပြီး အချို့မြို့နယ်နှင့် ကျေးရွာများတွင် စတားလင့်အင်တာနက်လိုင်းများ အသုံးပြုလို့ရနေကြောင်း သိရသည်။