ကလေးမြို့အနောက်ဘက် တာဟန်းရပ်ကွက်ဘက်တွင် ယနေ့ ဇွန်လ ၁၅ ရက်နံနက်ပိုင်း ၉ နာရီကျော်ကျော်ခန့်ကစ၍ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကာ စစ်ကောင်စီဘက်က ၄ ဦးခန့်သေဆုံးသည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) က ထုတ်ပြန်သည်။
အင်အား ၁၂၀ ဝန်းကျင်ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် တာဟန်းဘောလုံးကွင်းမှာ တပ်စွဲရန် ရောက်ရှိလာသည့်အတွက် CNDF နှင့် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ည်ဟု CNO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယနေ့နံနက်ပိုင်း ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်က ၂ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိသည့်အပြင် ရက်ကွက်အတွင်း လျှပ်စစ်မီတာကြေးကောက်ခံနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က ထပ်မံပစ်ခတ်ကာ စစ်ကောင်စီဘက်က ၂ ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ယခုရက်ပိုင်းအတွင်း တာဟန်းရပ်ကွက်ဘက်တွင် မြို့တွင်းပစ်ခတ်တိုက်ခိုက်မှု ခတ်စိတ်စိတ်ဖြစ်ပွားလာပြီး စစ်ကောင်စီဘက်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ် ထိခိုက်ပျက်စီးမှုလည်း ရှိခဲ့သည်။
ယနေ့နံနက်ပိုင်းက ဖြစ်ပွားသည့် ပစ်ခတ်မှုမှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီး အကြိမ်ကြိမ်ပစ်ခတ်ခဲ့ပြီး The Methodist (Mission Veng) ဘုရားကျောင်းဝင်းအတွင်းရှိ နေအိမ်တလုံး၏ ရေချိူးခန်းတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကာ အဝတ်လျှော်စက်နှင့် အမိုးအကာများ ပျက်စီးခဲ့သည်ဟု သိရသည်။
ယခုလက်ရှိတွင်လည်း တာဟန်းရက်ကွက်တွင် စစ်ရေးအခြေအနေ တင်းမာလျှက်ရှိကာ ဒေသခံပြည်သူများသည် တံခါးပိတ်ပြီး အိမ်ထဲတွင် ပုန်းနေကြရသည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့သည် တာဟန်းဘောလုံးကွင်းအနီးတဝိုက်တွင် ရှိနေဆဲဟုသိရပြီး စခန်းချတပ်စွဲမည်ဟု ယူဆရသည်။