(002MG)
စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီး သတ်ဖြတ်မှုနှင့် လက်နက်ကြီးကြောင့် ၂ လကျော်ကျော်အတွင်းမှာ အရပ်သား ၈၀ ဦးသေဆုံးခဲ့ပြီး ယင်းအနက် အမျိုးသမီး ၆၀ ကျော် ပါဝင်သည်ဟု ကလေးမြို့ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက ထုတ်ပြန်သည်။
စစ်ရေးအခြေအနေပြင်းထန်နေသော ချင်းတောင်ခြေ ကလေးမြို့တွင် ယခုနှစ် ဖေဖော်ဝါရီလ မှ ဧပြီလ ၁၀ ရက်နေ့အထိ ၂ လ ကျော်ကျော်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်မှုနှင့် လက်နက်ကြီးကျည်ထိမှန်မှုကြောင့် အရပ်သားသေဆုံးမှုမှာ ကလေးမြို့ပေါ်တွင် ၁၅ ဦး၊ ကလေးမြို့မြောက်ပိုင်းတွင် ၃၀ ဦး နှင့် ကလေးမြို့တောင်ပိုင်းတွင် ၃၅ ဦး စုစုပေါင်း အယောက် ၈၀ ထိရှိခဲ့သည်ဟု ကလေးမြို့လူထုတိုက်ပွဲဦးဆောင် ကော်မတီကထုတ်ပြန်သည်။
“ဒီရက်ပိုင်းကြတော့စစ်ကောင်စီက ဒရုန်းနဲ့ပစ်ချတဲ့အတွက်ကြောင့် ပြည်သူတွေပွဲချင်းပြီးဆုံးရတာများတယ်။ ဒါ့အပြင် အစောပိုင်းကာလမှာကျတော့ စစ်ကောင်စီက ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ပြည်သူအများအပြားထိခိုက်သေဆုံးရတယ်” ဟု ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
သေဆုံးသူအများစုမှာ စစ်ကောင်စီတပ်ဖွဲ့၏ ဒရုန်းဖြင့်တိုက်ခိုက်မှုနှင့် လက်နက် ကြီးကျည်ထိမှန်မှုကြောင့်ဖြစ်ပြီး သေဆုံး သူအယောက် ၈၀ ထဲတွင် အမျိုး သမီး ၆၅ ဦးပါဝင်သည်ဟု သိရသည်။
ယခုစာရင်းသည် လက်လှမ်းမှီသမျှ အနီးစပ်ဆုံးကောက်ယူထားသောစာရင်းသာဖြစ်ပြီး အရပ်သားသေဆုံးမှုမှာ ယခုထက်လည်းပိုများနိုင်သည်ဟု ကလေးမြို့ လူထုတိုက်ပွဲဦး ဆောင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ကလေးမြို့တွင် စစ်ရေးအရှိန်အဟုန် တိုးမြှင့်တိုက်ခိုက်တော့မည်ဟု ယခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းက ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည့်နောက်ပိုင်းကစ၍ ကလေးမြို့နယ်တွင် စစ်ကောင်စီ တပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုပြင်းထန်လာခဲ့သည်။
ထိုကဲ့သို့ နှစ်ဖက်တိုက်ပွဲပြင်းထန်လာပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က ကလေးမြို့ထဲနှင့် မြို့ပတ်ဝန်းကျင်ကျေးရွာများသို့ လက်နက်ကြီးများ နေ့စဉ်နှင့်အမျှ ပစ်ခတ်နေပြီး အရပ်သားထိခိုက်သေဆုံးမှု၊ နေအိမ် နှင့် ဘာသာရေးအဆောက်အအုံ ထိခိုက်မှုများလည်း ပိုများလာခဲ့သည်။
ယခုလက်ရှိတွင်လည်း ကလေးမြို့မြောက်ပိုင်း နှင့် တောင်ပိုင်းဒေသတွင် စစ်ရေးအခြေအနေတင်းမာနေပြီး စစ်ကောင်စီ ဘက်က လက်နက်ကြီးအပြင် ဒရုန်းများပါ တွင်တွင်ကျယ်ကျယ် အသုံးပြုလာနေကြောင်းသိရသည်။