လားနွန် – ကလေးမြို့နယ် သာစည်ကျေးရွာဖက်တွင် အာဏာသိမ်းစစ်ကောင်စီနှင့် ကလေးမြို့ PDF အဖွဲ့များ ယနေ့မေလ ၃၁ ရက် မနက် ၅ နာရီကျော်က စတင်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက် ၂ ဦးသေဆုံးကြောင်းသိရသည်။
“လက်ရှိမှာတော့ အပစ်အခတ်ကတော့ ရပ်ထားတယ် မနက်ပိုင်းကနေတော့ စပစ်ကြတယ် တပ်ဖက်ကတော့ အုပ်ချုပ်ရေးမှူးရုံးမှာ တပ်ဆွဲထားတယ် ပြည်သူအချို့တော့က ထွက်ပြေးကြတယ် ဒလန်တွေကလည်း နာမည်စာရင်းနဲ့ အတိအကျ တိုင်ထားတာဆိုတော့ ပြေးရတာပေါ့ မနက်စပစ်တဲ့အချိန်မှာတော့ စစ်တပ်ဖက်က သေနတ်တွေဆွဲပစ်ကြတယ် ရွာထဲမှာလည်း အဲလိုဖြစ်နေတာ” ဟု ဒေသခံတစ်ဦးကပြောသည်။
လက်ရှိအချိန်မှာတော့ ရွာထဲတွင် အာဏာသိမ်းစစ်ကောင်စီမှ ဆက်လက်နေရာယူထားပြီး အိမ်ထဲဝင်ဆွဲခံရသူ ပြည်သူ ၆ ဦးလောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
သာစည်ပစ်ခတ်မှုကြောင့် ကလေးမြို့ထဲတွင်လည်း အာဏာသိမ်းစစ်ကောင်စီမှ လုံခြုံရေးထပ်မံဖြည့်ထားပြီး ဗိုလ်ချုပ်လမ်းမပေါ်တွင် အသွားအလာနည်းကာ အနည်းငယ်တိတ်ဆိတ်နေရကြောင်း သိရသည်။