(006SV)
စစ်ကိုင်းတိုင်း၊ ကလေးမြို့အတွင်းနှင့် ကလေးမြို့ပတ်ဝန်းကျင်ဒေသများကို စစ်ရေးအရှိန်အဟုန် တိုးမြှင့်တိုက်ခိုက်တော့မည် ဖြစ်သောကြောင့် ဒေသခံပြည်သူများ ကလေးမြို့အတွင်းမှ အမြန်ဆုံး ထွက်ခွာရှောင်ပေးကြရန် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေး အဖွဲ့က သတင်းထုတ်ပြန်လိုက်သည်။
ဖေဖော်ဝါရီလ ၂၆ ရက်စွဲဖြင့် နောက်ဆုံးသတိပေး နှိုးဆော်ချက်ဟုဆိုကာ ယနေ့ ဖေဖော်ဝါရီလ ၂၇ ရက်က ကာကွယ်ရေးဝန် ကြီးဌာန၊ ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ခြင်းဖြစ်ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အဲဒီထုတ်ပြန်ချက်က အတည်ဖြစ်ပါတယ်ခင်ဗျာ။ နောက်ဆက်တွဲတွေကိုလည်း တရားဝင်ထုတ်ပြန်ပေးသွားဖို့တွေ ရှိပါသေးတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကလေးမြို့အတွင်းနှင့် ကလေးမြို့ပတ်ဝန်းကျင်ဒေသများကို စစ်ရေးအရှိန်အဟုန် တိုးမြှင့်တိုက်ခိုက်တော့မည်ဖြစ်၍ ကလေးမြို့ အတွင်းက မိဘပြည်သူများ အသက်အိုးအိမ်စည်းစိမ် ထိခိုက်နစ်နာမှုများ မဖြစ်စေရန် ကလေးမြို့အတွင်းမှ ထွက်ခွာကာ အမြန်ဆုံး ရှောင်ရှားကြပါရန် ယင်းထုတ်ပြန်ချက်တွင် ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းနှိုးဆော်ထားသည်။
ကလေးမြို့အတွင်းနှင့် ကလေးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ရင်ခွင်အား နီးစပ်ရာတော်လှန်ရေး အဖွဲ့အစည်းများနှင့် ဆက်သွယ်၍ အမြန်ဆုံး ခိုလှုံကြရန်လည်း ကလေးခရိုင်-ပကဖက သတိပေးထားသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တစ်တိုင်းပြည်လုံးအတိုင်းအတာအရ မိမိတို့ဘက်သို့ စစ်ဦးချိုးနှိမ်ခံထားရခြင်း၊ စစ်ပွဲတိုင်း ရှုံးနေခြင်း၊ စစ်သည်အင်အား ချိနဲနေခြင်း၊ ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ကောင်းစားရေးအတွက် ဘဝနှင့် အသက်များအား စတေးနေရခြင်း၊ နိုင်ငံတကာနှင့် မိဘပြည်သူ အပေါင်းတို့၏ စစ်ဆုပ်ရွံရှာခြင်းကို ခံနေရခြင်းတို့ကို နာလည်းသဘောပေါက် သင့်ကြောင်း ထုတ်ပြန်ချက်ဆိုပါသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းကလည်း ရဲစခန်း၊ စစ်တပ်ဂိတ်၊ စစ်တပ်တပ်စွဲရာ နေရာများနှင့် ပျူစောထီးရွာအနီးရှိ ဒေသခံများကို ဒီဇင်ဘာလ ၁၅ ရက် နောက်ဆုံးထားပြီး တိမ်းရှောင်ကြရန် ထုတ်ပြန်ခဲ့ဖူးသည်။
ကလေးခရိုင်အတွင်းက စစ်ကောင်စီအခြေစိုက်စခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့က ဖေဖော်ဝါရီလ ၂၁ ရက်မှ ၂၃ ရက်အထိ တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီမှ ဗိုလ်ကြီး တစ်ဦးအပါအဝင် ၁၅ ဦး သေဆုံးခဲ့ကြောင်း NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် – ၁ စစ်ဒေသက ထုတ်ပြန်ထားသည်။
ယမန်နေ့ ဖေဖော်၀◌ါရီလ ၂၆ ရက်ကလည်း ကလေးမြို့တွင်းနေရာတချို့နှင့် ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့အနီးတို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကာ စစ်ကောင်စီက လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် ခုခံတိုက်ခိုက်ခဲ့ပြီး ယခု လက်ရှိမှာလည်း စစ်ရေးအခြေအနေတင်းမာလျှက်ရှိသည်။
ကလေးခရိုင်အတွင်းရှိ စစ်ကောင်စီ အခြေပြုစခန်းများကို ကလေးခရိုင် တပ်ရင်းများ၊ အထူးလှုပ်ရှား တပ်ရင်းများ၊ ကလေးခရိုင် မိုင်းတပ်ဖွဲ့၊ ကလေးခရိုင်/မြို့နယ် ပကဖ၊ ကလေးမြို့ပြစီမံချက် (UG) တပ်ဖွဲ့၊ VOKOK(PDF) တပ်ရင်း၊ CNDF TZ Vapual၊ RKDF၊ CDF (KKG)၊ HNB၊ GRF၊ S2UG၊ EFDF၊ TCDF၊ CDF-CDM siyin ပူးပေါင်းအဖွဲ့က တိုက်ခိုက်နေကြောင်း NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။