(04SS)
ကလေးမြို့ တောင်ဖီလာရပ်ကွက်ရှိ အမှတ် ၁၄ အထက်တန်းကျောင်း အနီးတဝိုက်တွင် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုဖြစ်ပွါးပြီး အမျိုးသမီးတစ်ဦးသေဆုံးကာ ကျောင်းသားတစ်ဦး ထိခိုက်ဒါဏ်ရာရရှိကြောင်း သိရသည်။
ဇူလိုင်လ ၁၁ ရက်နေ့ နံနက်ပိုင်း ၆ နာရီကျော်မှ စတင်ကာ ကလေးမြို့တွင် လက်နက်ကြီးပေါက်ကွဲသံများ ဆက်တိုက်ကြားနေရပြီး နံနက် ၈ နာရီဝန်းကျင်တွင် တောင်ဖီလာရပ်ကွက် အမှတ် ၁၄ ကျောင်းအနီး၌ လက်နက်ကြီး ၂ ကြိမ် ပေါက်ကွဲသောကြောင့် အရပ်သားထိခိုက်မှုရှိသလို ကျောင်းတက်လာသည့် ကျောင်းသူ/ကျောင်းသားများ ပြန်လှည့်ခဲ့ရကြောင်း ကျောင်းသားတစ်ဦးက ပြောသည်။
“ကျောင်းဘေးမှာ ပေါက်ကွဲတာ၊ ဗုံးပေါက်လို့ ကျောင်းက ကလေး ၁ ယောက် နေက်စေ့မှာ ဒါဏ်ရာရတယ်တဲ့။ ပြီးတော့ အဒေါ်ကြီး၁ ယောက်ကလဲ ဒါဏ်ရာရတယ် သွေးအများကြီးထွက်တယ် အသက် အန္ဒရယ်စိုးရိမ်ရတယ်လို့လဲ ပြောကြတယ်။ သူ့ကို ဆေးရုံပို့ဖို့ ဆိုက်တွဲတစ်စင်းနဲ့ ခေါ်သွားကြတယ်။ သားတို့ကိုကျတော့ ဆရာမက အိမ်ပြန်ခိုင်းတယ်” ဟု ၎င်း ကပြောသည်။
ထို့နောက် လက်နက်ကြီးကြောင့် ဒါဏ်ရာရရှိသည့် အမျိုးသမီးအားဆိုက်တွဲဖြင့် နီးစပ်ရာ ဆေးရုံသို့ခေါ်သွားနေစဉ် ဆေးရုံမရောက်မီ အသက်သေဆုံးခဲ့ရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
ယခုလက်ရှိ ကလေးမြို့တွင် လက်နက်ကြီးပေါက်ကွဲသံများ ဆက်တိုက်ကြားနေရပြီး မွန်လိုင်ရပ်ကွက် ဗိုလ်ချုပ်လမ်းမပေါ်တွင် စစ်သားများနှင့် ရဲများမှ လမ်းသွားလမ်းလာများအား စစ်ဆေးရေး တင်းကြပ်နေသည်ဟုလည်း သိရသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ၂၂၈ တပ်ရင်းမှ လက်နက်ကြီးများ ပစ်ခတ်နေခြင်းဟုသိရပြီး ကြုံသုံးပင်ရပ်ကွက်တွင်လည်း လက်နက်ကြီး ကျရောက် ပေါက်ကွဲကြောင်း သိရသည်။