(06SV)
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို အင်အားဖြည့်တင်းရန် စစ်ကြောင်းထိုးလာနေသော စစ်ကောင်စီ စစ်ကြောင်းကြောင့် ချင်း-မကွေး နယ်စပ် ကျေးရွာများမှ ဒေသခံထောင်ချီ စစ်ဘေးရှောင်နေရပြီး အရေးပေါ် စားနပ် ရိက္ခာနှင့် အမိုးအကာတွေ လိုအပ်နေသည်။
“ခုကတော့ စစ်ကြောင်းက ရှိနေတုန်းဆိုတော့ သူတို့တွေလည်း ပြေးနေကြရတယ်။ တောတောင်တွေထဲမှာ နေကြရ တယ်။ အခက်အခဲတွေ အများကြီး ရင်ဆိုင်နေကြရတော့ အခုလောလောဆယ် အသက်ရှင် ရပ်တည်ရေးအတွက် စားဝတ်နေရေးက အရေးကြီးတယ်လို့ ပြောရမယ်။ မိုးတွင်းရာသီမှာ မီးရှို့ခံထားရတဲ့ ရင်းကဲ ပြည်သူတွေအတွက်က အမိုးအကာလည်းလိုအပ်နေတယ်” ဟု စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောသည်။
လောင်းရှည်အနီးက ရွာလုံးကျွတ်နီးပါး မီးရှို့ခံထားရသည့် ရင်းကဲ ကျေးရွာအပါအဝင် အနီးအနားကျေးရွာများ၊ ဆောမြို့အနီးက အညာကတဲ၊ ကချောင်း၊ မင်းနယ် စသော အနီးအနားက ကျေးရွာများ၊ စုစုပေါင်း ၁၅ ရွာခန့်က ဒေသခံ တစ်ထောင်ကျော်သည် စစ်ဘေးရှောင်နေကြရသည်ဟု စစ်ရှောင်ကူညီနေသူများက ပြောသည်။
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်းဒွေးလမ်းမကြီးတလျှောက်ရှိ မဆာတွီ၊ မောချောင်း၊ လှိုင်ဒုတ်ရွာဟောင်း၊ လှိုင်ဒုတ်ရွာသစ် စသော ကျေးရွာများမှ ဒေသခံ စစ်ဘေးရှောင် (၁၀၀၀) ခန့်လည်း စစ်ရှောင်နေကြရသည်ဟု သိရ သည်။
ချင်း – မကွေးနယ်စပ်အနီးက စစ်ကောင်စီ စစ်ကြောင်းအခြေအနေသည် လနှင့်ချီ ကြာမြှင့်နိုင်သောကြောင့် ဒေသခံပြည်သူများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များအတွက် အမိုးအကာ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများ လိုအပ်နေသည်ဟု စစ်ရှောင်ကူညီသူများနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
“ဒေသကာကွယ်ရေးတပ်ဖွဲ့တွေအတွက်က အဓိက ဓါတ်ဆီ၊ မိုးကာ အထူးလိုအပ်နေပါတယ်။ စစ်ရှောင်ပြည်သူ တွေအတွက်က အဓိကအားဖြင့် လောလောဆယ် ရာသီတုတ်ကွေး ဖျားနာပေါနေတဲ့အတွက် ဆေးဝါးနဲ့ မိုးကာလိုအပ်နေပါတယ်” ဟု ချင်းကာကွယ်ရေးတပ် – ကန်ပလက် ၏ Khonu တပ်ရင်းမှ တာဝန်ရှိသူ ပြောသည်။
ဇူလိုင်လ ၁၄ ရက်က ဆောမြို့နယ်၊ ရင်းကဲကျေးရွာအနီးမှာ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူး ပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲစတင်ဖြစ်ပွားပြီး စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ် ၁ ဦးနှင့် အသက် ၄၀ အရွယ် အမျိုးသား ၁ ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။
အိမ်ခြေ ၃၅၀ ခန့်ရှိသော ရင်းကဲကျေးရွာမှာလည်း စစ်ကောင်စီတပ်က မီးရှို့ခဲ့သောကြောင့် အိမ်ခြေ ၃၀၀ ကျော် မီးလောင်ကျွမ်းခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်၏ စစ်ကားတစ်စီးကို ဖျက်စီးထားနိုင်ခဲ့ပြီး ဒဏ်ရာရရှိသော စစ်ကောင်စီတပ်သားများကို လောင်းရှည်မြို့တွင် ဆေးကုသပေးနေသည်ဟု သိရသည်။
လက်ရှိမှာလည်း ကျင်းဒွေးမြို့ကို ဦးတည်နေသော စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းဖြင့်ပါ တိုက်ခိုက်လာနေကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။
စစ်ကောင်စီ စစ်ကြောင်းတွင် အင်အား ၃၀၀ ခန့်ပါပြီး တင့်ကား ၂ စီး၊ JCV ကားတစ်စီးနှင့် စစ်ကား ၂၀ ကျော် ပါဝင်သည်ဟု သိရသည်။
စစ်ကောင်စီစစ်ကြောင်းကို ချင်းအမျိုးသားတပ်မတော် CNA၊ ချင်းကာကွယ်ရေးတပ်-ကန်ပလက်နဲ့၊ ယောနယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်း၍ တိုက်ခိုက်နေကြောင်း သိရသည်။