(07SN)
ချုံကျုံးရွာနဲ့ မလှမ်းမကမ်းမှာ ကင်းထောက်ဖို့ တာဝန်ကျတဲ့ ဒယ်နီရယ်ထန်းတစ်ယောက် မနက်မှောင်ရီဝိုးတဝါးအချိန်မှာ သူငယ်ချင်းနှစ်ယောက်နဲ့အတူ ထွက်လာခဲ့ပါတယ်။
လသာတဲ့ ညဖြစ်ပေမယ့် လမ်းတစ်လျှောက်မှာတော့ မှောင်မည်းနေပြီး လရောင်က ဟိုတစ်ကွက် ဒီတစ်ကွက် သာ ထိုးဖောက်ကျနေပါတယ်။ အလင်းနောက်ကို လိုက်ရင်း အရှေ့က သွားနေတဲ့ သူငယ်ချင်းရဲ့ ခြေလှမ်းတိုင်း ဂရုတစိုက်နဲ့ နောက်ကနေ သူ လိုက်ပါလာခဲ့တယ်။ ဒါပေမယ့် အလင်းကို ရှောင်ပြီး အမှောင်ဘက်ကို လှမ်း လိုက်တဲ့ ခြေတစ်လှမ်းမှာတော့ “အုံး” ခနဲ အသံနဲ့အတူ အထိတ်တလန့်နဲ့ ကြောက်အားလန့်အားထွက်ပြေးခဲ့ ပေမယ့် ဒယ်နီရယ်ကတော့ မြေပြင်ပေါ် လဲကျခဲ့ရပါပြီ။
“ကျွန်တော့် ခြေထောက် ညာဖက်က မရှိတော့ဘူး”
ဂျိုင်းထောက်ကို ဘေးမှာ ချထားရင်း ခပ်ပြတ်ပြတ် လေသံနဲ့ သူကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို အသက် ၁၈ နှစ်အရွယ် လူငယ်လေး ဒယ်နီရယ်ထန်းက ပြန်ပြောပြနေတာပါ။
၂၀၂၃ ခုနှစ် မေလအတွင်းမှာပဲ ချင်းပြည်နယ်၊ ဟားခါး-ထန်တလန် သီးမြစ်မှာ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ သီးမြစ် တိုက်ပွဲ စစ်ဆင်ရေးအပြီး အပြန် ချွန်ကျုံးရွာမှာ စစ်ကူဖို့အတွက် သွားရောက်ခဲ့ရင်း ၃ ရက်မြောက်နေ့မှာတော့ ကင်းထောက်ဖို့သွားတဲ့ ဒယ်နီရယ်ထန်းဟာ ဒီလို အဖြစ်ဆိုးမျိုးနဲ့ ကြုံခဲ့ရပါတယ်။
သူဟာ အာဏာစသိမ်းချိန်က ၁၀ တန်းကျောင်းသားတစ်ဦးဖြစ်ပြီး ကိုဗစ်ကြောင့် ကျောင်းတွေ ပိတ်ချိန်မှာ ချင်းပြည်နယ်၊ ဖလမ်းမြို့က သူရဲ့ဇာတိကျေးရွာကိုပြန်ကာ အဘိုးအဖွားတွေရဲ့တောင်ယာလုပ်ငန်းကို ဝိုင်းကူလုပ်ရင်း ဘဝကို အေးချမ်းစွာ ဖြတ်သန်းခဲ့သူ တစ်ဦးပါ။
စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ချင်းပြည်နယ်ဘက်မှာ တိုက်ပွဲတွေ စတင်ချိန်မှာတော့ လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့တဲ့နောက် အသက်စွန့်ရင်း အခုလို မသန်စွမ်းဘဝကို ရောက်ခဲ့ရတာပါ။
ဒယ်နီရယ်ထန်း လိုပဲ စစ်အာဏာရှင်ကို လက်နက်ကိုင် တွန်းလှန်ရင်း အသက်ပေးခဲ့ကြသူတွေ အမြောက်အများ ရှိသလို မသန်စွမ်းအဖြစ်ကို ရောက်ရှိသွားတဲ့ လူငယ်တွေလည်း များစွာ ရှိနေပါတယ်။ ဒါပေမယ့် သူတို့တွေဟာ ဘဝကို အရှုံးမပေးဘဲ နိုင်ရာတာဝန် ဆက်ထမ်းဆောင်ရင်း အာဏာရှင်စနစ် အမြစ်ပြုတ်ဖို့အထိ ခွန်အားတွေနဲ့ ဆက်လက် တော်လှန်နေကြပါတယ်။
ချင်းပြည်နယ်မှာ ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေနဲ့ Chinland Defense Force (CDF)၊ Chin National Army (CNA/CNF)၊ People Defense Force (PDF) တို့အကြား စစ်ရေးတင်းမာမှုတွေ ရှိပြီး လက်ရှိအချိန်အထိ နေ့စဉ်နဲ့အမျှ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
အဲဒီလို ပြင်းထန်တိုက်ပွဲတွေအတွင်း ဆေးဘက်ဆိုင်ရာ အကူအညီပေးနေသူတွေတောင် လက်နက်ကြီး ဒဏ်ကြောင့် လူကောင်းပကတိဘဝကို ဆုံးရှုံးခဲ့ရသူတွေလည်း ရှိပါတယ်။
တိုက်ပွဲတွေမှာ ဒဏ်ရာရသူတွေကို ကုသပေးရသူ ဆေးမှူး ကိုစိုး (အမည်လွှဲ) ကိုယ်တိုင်ဟာလည်း ၂၀၂၁ ခုနှစ်မှာ လုံလဲရ်တပ်စခန်းကို မနက်ပိုင်းတိုက်ဖို့ CNF ဘက်က ပြင်ဆင်ထားပေမယ့် စစ်ကောင်စီဘက်ကနေ ကြိုသိပြီး ၆၀ မမနဲ့ လှမ်းပစ်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့တဲ့ အဖြစ်ကို ကြုံတွေ့ခဲ့ရသူပါ။
“ပေါက်ကွဲသံနဲ့အတူ ကျနော်သတိလစ်သွားတယ်။ ပြန်သတိရလို့ ကြည့်လိုက်တော့ ကျနော်သူငယ်ချင်တွေ အားလုံးလဲကျနေတယ်.. ဘယ်သူမှမလုပ်ရှားတော့ဘူး.. ကျနော်လည်လှုပ်ရှားလို့မရတော့ဘူး ဒါပေမယ့် ကျနော်ဆေးမှူးတစ်ယောက်အနေနဲ့ တာဝန်ကျေချင်တယ်… နောက်ထပ်ကျည်တစ်လုံးကျလာရင် ကျနော်တို့အား လုံးသေကုန်မယ်..အဲ့စိတ်နဲ့..ကျနော်လုံးဝသွားလို့မရပေမယ့် တစ်ရွတ်တိုက်နဲ့ သူငယ်ချင်းနှစ်ယောက်ကို ကျည်ကွယ်တဲ့နေရာကိုရွေ့တယ်..ဒါပေမယ့်ကျနော်မနိုင်တော့ဘူး သွေးလည်းအရမ်းထွက်နေတော့ အာခေါင်တွေ လည်းခြောက်လာပြီ” လို့ ကိုစိုးက သူတွေ့ကြုံခဲ့တာကို ပြန်ပြောပါတယ်။
အဲဒီတုန်းက စစ်ကောင်စီဘက်က ပစ်လိုက်တဲ့လက်နက်ကြီး ကျည်စ ထိမှန်မှုကြောင့် စစ်ကြောင်းမှုးနဲ့ ဆေးမှူး အပါအဝင် တပ်သား ၅ ဦးလုံး ထိခိုက်ခဲ့ပါတယ်။ ထိခိုက်ခဲ့တဲ့ တပ်သားတွေထဲ တစ်ဦးကတော့ ခြေသလုံး အောက်ပိုင်း ပြတ်ထွက်သွားခဲ့ပြီး ကိုစိုးက လက်နက်ကြီးကျည်စ ကျောပြင်နဲ့ ခါးတွေသာမက ခြေသလုံးတွေပါ စိုက်ဝင်ခဲ့တာဖြစ်ပါတယ်။
“ကျနော်ခြေထောက်ကို ကျည်စတွေထုတ်ဖို့ ၃ ကြိမ်ခွဲစိတ်ခဲ့ရတယ်..ကျနော်လမ်းသိပ်မလျှောက်နိုင်ဘူး၊ ဒါပေမယ့် ကျနော်နောင်တရတယ်ဆိုတာမျိုးတော့မရှိဘူး။ စစ်သားတစ်ယောက်အနေနဲ့ စစ်ထဲဝင်ကတည်းကနေ ကိုယ့်အသက်ကို ကိုယ့်ဘဝကိုမပိုင်ဆိုင်ဘူးဆိုတာ သိလိုက်ရတယ်..ဘယ်အချိန်သေမလဲ.. ဘယ်အချိန်အသက် ထွက်မလဲဆိုတာပြောလို့မရဘူး..အသက်တစ်ချောင်းက ဘုရားလက်ထဲမှာရှိတယ်. သေရင်လည်း ကျေနပ်တယ်။ အသက်ရှင်ရင်လည်း ဘုရားသခင်ကို ကျေးဇူးတင်တယ်” လို့ သူက ပြောပါတယ်။
ဆေးကုသမှုခံယူပြီး လက်ရှိမှာ ဒဏ်ရာတွေ ပြန်ကောင်းနေပြီဆိုပေမယ့် နဂိုကျန်းမာတဲ့ အခြေအနေကိုတော့ သူပြန်မရတော့ပါဘူး၊ ဒါပေမယ့် အခက်အခဲတွေကြား တော်လှန်ရေးအတွက် ရှေ့ဆက် တိုက်ပွဲဝင်သွား ဖို့ကတော့ သူ့ဆုံးဖြတ်ချက်ပါ။
အခုလို တိုက်ပွဲဝင်ရင်း မသန်းစွမ်းဖြစ်သွားသူတွေအတွက် ဆက်လက် တာဝန်ထမ်းဆောင်ချင်ရင် Chin National Ogranazation (CNO/CNDF) ကတော့ သင့်တော်တဲ့ တာဝန်တွေကို ပြန်ပေးနေတယ်လို့ ဆိုပါတယ်။
CNO/CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံငိုင်းက “သူတို့ကို အသုံးတည့်တဲ့ ဌာနမှာ ပြန်သုံးပါတယ်၊ တချို့ကို ဂိတ်စောင့်တာဝန်၊ တချို့ကို ရုံးမှာ ရုံးတာဝန်တွေမှာ ခွဲပြီးတော့ ပေးတယ်။ အဲဒီလိုမျိုး လုပ်ဆောင်နေပါတယ်၊ ဒါ့အပြင် ပြန်ပြီး တာဝန်ထမ်းဆောင်တဲ့သူတွေကိုလည်း စိတ်ပိုင်းဆိုင်ရာ ကူညီမှုများလည်း လုပ်နေပါတယ်” လို့ ပြောပါတယ်။
နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာ ထိခိုက်သူတွေကိုဆိုရင် NGO အဖွဲ့အစည်းတွေကနေ လာရောက် ကူညီပေးတာ မျိုးတွေ ရှိပေမယ့် ချက်ချင်းဖြစ်တဲ့ အရေးပေါ်ကုသမှုပိုင်းတွေမှာတော့ လိုအပ်ချက်တွေ အများကြီး ရှိနေသေး တယ်လို့ တပ်ဖွဲ့တွေဆီက သိရပါတယ်။
တိုက်ပွဲအတွင်း ဒဏ်ရာရသူတွေအတွက် အရေးပေါ်ကုသမှုကို နီးစပ်ရာ ဆရာဝန်တွေ ခေါ်ကြရပြီး မရရင် ရှိတဲ့ ဆေးတပ်မှူးတွေနဲ့သာ ကုသနေရတာဖြစ်ပါတယ်။ အရေးပေါ်အခြေအနေကျော်လွန်မှသာ အိန္ဒိယနိုင်ငံ၊ အိုင်ဇောလ်မြို့ကို သွားရောက် ဆေးကုသဖို့ ပို့ဆောင်ကြတာပါ။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာ တိုက်ပွဲအတွင်း မသန်စွမ်းဖြစ်သွားသူတွေကို သက်ဆိုင်ရာ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက တတ်နိုင်သလောက် ပူးပေါင်းကူညီမှုတွေ ပြုလုပ်ပေးနေတယ်လို့ အဖွဲ့အစည်းတွေဆီက သိရပါတယ်။
အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ India for Myanmar ဟာလည်း CDF၊ PDF တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာ ရပြီး မျက်စိနှစ်ဖက်စလုံး ဆုံးရှုံးသွားသူ၊ ဒဏ်ရာပြင်းထန်စွာ ရသူတွေကို ကဏ္ဍအလိုက် ခွဲပြီး ကူညီပေးနေတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။
India for Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ်က “အခုကတော့ အသေးစားဒဏ်ရာအပါအဝင် ဒဏ်ရာရတဲ့ သူတွေက ရာဂဏန်းလောက်ရှိတယ်ဆိုတော့ ကျနော်တို့ဘက်ကလည်း ဘက်ဂျက်တွေကလည်း ကုန်တဲ့ အနေ အထားရှိတယ်။ ဒါကြောင့် မသန်စွမ်းအမျိုးအစားကိုပဲ ခွဲပြီးတော့ ထောက်ပံ့ခဲ့တယ်။ NGO အဖွဲ့အစည်းတွေက လှူတဲ့ဟာတွေကိုလည်း မျက်စိဆုံးရှုံး၊ ခြေလက်ဆုံးရှုံးသွားတဲ့သူတွေကိုပဲ အဓိက လှူဖြစ်တယ်” လို့ လက်ရှိ လုပ်ဆောင်နေတာကို ပြောပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိအချိန်အထိ မသန်စွမ်းအရေအတွက်ကို ၂၀၁၉ အထိ စာရင်းကောက်ခံမှုအရ မြန်မာလူဦးရေ ၅၅.၉ သန်းထဲမှာ ၁၃ ရာခိုင်နှုန်းဟာ မသန်စွမ်းသူတွေဖြစ်ကြပြီး အဲဒီထဲမှာ ချင်းပြည်နယ်က မသန်စွမ်းလူဦးရေ ၂၁ ရာခိုင်နှုန်းနဲ့ အများဆုံး ဖြစ်နေတာပါ။ အဲဒီစာရင်းတွေထဲမှာ လက်ရှိ အာဏာသိမ်းကာလ တိုက်ပွဲတွေကြောင့် ထိခိုက်ပြီး မသန်စွမ်းဖြစ်သွားသူအရေအတွက် မပါဝင်သေးပါဘူး။
တိုက်ပွဲတွေကြောင့် ထိခိုက်ပြီး မသန်စွမ်းဖြစ်သွားသူ အရေအတွက်ကိုတော့ လက်ရှိလုံခြုံရေးအနေအထားအရ အချက်အလက် ကောက်ယူဖို့ ခက်ခဲနေပြီး တိုက်ပွဲတွေကြောင့် နေ့စဉ် ထိခိုက်မှုတွေ ရှိနေတဲ့အတွက် စာရင်းကောက်ယူဖို့ မဖြစ်နိုင်သေဘူးလို့ ဆလိုင်းကျုံငိုင်းက ပြောပါတယ်။
“ကျနော်တို့က ချင်းပြည်နယ်အတွင်း အာလုံးရဲ့ ထိခိုက်မှုကိုတော့ မသိနိုင်ဘူး၊ ကျနော်တို့ထဲမှာတော့ မသန်စွမ်းဖြစ်သွားသူ အယောက် ၃၀ ရှိတယ်၊ မျက်မမြင်တာ နှစ်ယောက်ရှိတယ်..ကျန်တာက ခြေပြတ် လက်ပြတ်တွေ ဖြစ်တယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ တိုက်ပွဲတွေကြား ထိခိုက်ဒဏ်ရာရ မသန်စွမ်းဖြစ်သွားသူ လူငယ်တွေထဲ တချို့က ဆက်လက် လက်နက်ကိုင် တိုက်ပွဲဝင်နေသလို တချို့ကတော့ လွတ်မြောက်နယ်မြေတွေမှာ မိသားစုဝင်တွေနဲ့ နေထိုင်ရင်း တော်လှန်ရေးမှာ တစ်ထောင့်တစ်နေရာက ပါဝင်နေကြပါတယ်။
ဒယ်နီရယ်ထန်းကတော့ “ကျနော့်ကိုယ်ကျနော် နောင်တရတာမျိုး မရှိဘူး၊ စိတ်ညစ်ဝမ်းနည်းကြေကွဲတာမျိုး လည်း မရှိဘူး၊ ရှေ့ဆက်ပြီးတော့ ဆက်လက်ကြိုးစားသွာဖို့၊ ကျန်ရစ်နေတဲ့ လူငယ်တွေ ကျနော့်အရွယ် လူငယ်တွေအတွက် စိတ်ခွန်အား ရှိလာပြီးတော့ ပိုပြီးတော့ တိုက်ပွဲဝင်ရဲဖို့ ဖြစ်စေချင်တယ်” လို့ သူ့ဆန္ဒကို ပြောပါတယ်။
ဒယ်နီရယ်ထန်းလို လူငယ်တွေဟာ သူတို့ကြုံတွေ့နေရတဲ့ ခါးသည်းမှုကို ဥပက္ခာပြုရင်း အာဏာရှင်စနစ် ကျဆုံးဖို့အတွက် မသန်သော်လည်း တိုက်ပွဲဝင်ချင်တဲ့ စိတ်ဆန္ဒကတော့ ပြင်းပြနေကြဆဲပါ။ လက်ရှိမှာလည်း ဒယ်နီရယ်ထန်းတစ်ယောက် ဆေးကုသမှု ခံယူနေပေမယ့် ဒဏ်ရာပျောက်ကင်းလို့ ပြန်သက်သာလာရင် သူအဖြစ်ချင်ဆုံးဆန္ဒကတော့….
“ကျနော် ခြေတုကို တပ်ပြီးတော့ ထန်တလန်ကို သွားပြီးတော့ ပြန်တိုက်မယ်လို့ စိတ်ဆန္ဒ အမြဲ ရှိတယ်”